ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာအုပ်စု ရွာဟောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ဦးမောင်အေးသိန်းကို မနေ့က အမည်မသိ သေနတ်သမားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ သေဆုံးသွားပါတယ်။
မနေ့ကည ၉ နာရီကျော်လောက်မှာ အမည်မသိ သေနတ်သမားဟာ အဲဒီအမျိုးသားရဲ့နေအိမ်ခြံဝကနေ လှမ်းခေါ်တဲ့အတွက် အိမ်ရှေ့ကိုထွက်လာစဉ်မှာ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ပန်းမြောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြောပါတယ်။
"အိမ်ခြံထဲမှာပဲဖြစ်သွားတာ။ သူ့နာမည်ကိုခေါ်ပြီး လာခဲ့လို့ပြောတယ်။ သူ့အနားရောက်သွားတာနဲ့ ပစ်တာလို့ပြောပါတယ်။ ခေါ်တဲ့လူ သေနတ်သမားကတော့ ရခိုင်ပါ။ သူ့ဇနီးကို မေးကြည့်တော့သူကလည်း လူကိုမမှတ်မိဘူးလို့ ပြောပါတယ်။ ကျနော်တို့ကတော့ ဒီဖြစ်စဉ်ကို စစ်ဆေးမေးမြန်းပြီးတော့ အခုပန်းမြောင်းတိုက်နယ်ဆေးရုံမှာပဲ ခွဲစိပ်ဖို့တင်ထားပါတယ်"
သေနတ်ဟာ ရင်ဘတ်နေရာတွေနဲ့ ပေါင်တွေမှာ ထိမှန်လို့ အဲဒီနေရာမှာပဲ သေဆုံးသွားတာဖြစ်ပြီး သေနတ်သမားကတော့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
သေနတ်သမားဟာ သေဆုံးသူကို ရခိုင်ဘာသာစကားနဲ့ လှမ်းခေါ်ခဲ့တာဖြစ်ပြီး ညအချိန်ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို သဲသဲကွဲကွဲ မမြင်လိုက်ရဘူးလို့ သေဆုံးသူ ဇနီးရဲ့ထွက်ဆိုချက်ကို ကိုးကားပြီး ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေက အခင်းဖြစ်နေရာတွေကို သွားရောက်စစ်ဆေးခဲ့ရာမှာ ၁၁/၁၂ အမှတ်အသားပါရှိတဲ့ ၉ မမ ကျည်လို့ ယူဆရတဲ့ ကျည်ခွံ ၅ ခုကို တွေ့ရှိခဲ့ပါတယ်။
သေနတ်သမားနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာကို တိတိကျကျ မသိရသေးဘူးလို့ ပန်းမြောင်းနယ်မြေရဲ စခန်းမှူး ရဲအုပ်ထွန်းအေးက ပြောပါတယ်။
"အရေးယူဆောင်ရွက်နေပါတယ်ခင်ဗျ။ အမှုဖွင့်ထားပြီးတော့ ဥပဒေအရ အရေးယူဆောင်ရွက်နေတာပါ။ မနေ့ကတည်းက အမှုဖွင့်ပြီးတော့ ဆောင်ရွက်နေတာပါ။ ရှေ့ဆက်ပြီးတော့ တရားခံရရှိရေး ဆောင်ရွက်မှာပါ။ အခုကတော့ တရားခံကို စုံစမ်းဆဲပါ"
မနေ့က သတ်ဖြတ်ခံရတဲ့ကိစ္စဟာ လက်နက်ကိုင်အဖွဲ့တစ်ခုခုနဲ့ ပတ်သက်နေနိုင်ကြောင်း သုံးသပ်မှုတွေရှိနေသလို ဒါဟာ သတင်းပေါက်ကြားမှုတွေအတွက် နှုတ်ပိတ်လိုက်တဲ့သဘောဖြစ်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ အဲဒီလိုဝေဖန်သုံးသပ်သူတွေအနေနဲ့ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုကြခြင်း မရှိပါဘူး။
ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ကတော့ ဘယ်သူရဲ့လက်ချက်ဆိုတာကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေဆဲလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာမှာနေထိုင်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီရဲ့ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ဦးခင်သန်းမောင်ဟာလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က သူ့ရဲ့နေအိမ်မှာရှိနေစဉ် အလားတူ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရပါတယ်။
မနေ့က ပန်းမြောင်းကျေးရွာအုပ်စုက လုပ်ကြံသတ်ဖြတ်ခံရသူဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သလို အရန် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။
