သေဒဏ်စီရင်မှုကို ရပ်ဖို့ ကုလလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးပြော

မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး နောက်ထပ်ကျူးလွန်ဖို့ အလားအလာ ရှိပြီး ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအပါအဝင် ဖမ်းဆီးထားသူတွေကို ကွပ်မျက်ဖို့ စီစဉ်တာကိုရပ်ဆိုင်းလိုက်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က ဇွန် ၁၄ ရက်နေ့က ပြောကြားလိုက်ပါတယ်။

ဒီကွပ်မျက်မှုဟာ အသက်ရှင်သန်ခွင့်ကို ချိုးဖောက်ရာရောက်သလို ဒီလို ခေတ်နောက်ပြန်ဆွဲတဲ့ လုပ်ရပ်မျိုး ရှောင်ကြဉ်ဖို့ စစ်ဘက်အာဏာပိုင်တွေကို အရေးတကြီးတောင်းဆိုပါတယ်လို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်မှုကိစ္စနဲ့ သေဒဏ်စီရင်မယ်လို့ စစ်ကောင်စီက ဒီလထဲမှာ ပြောထားပါတယ်။

စစ်အာဏာသိမ်းချိန်ကစလို့ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်နေတာတွေက လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ Michelle Bachelet က ပြောပါတယ်။ စစ်အာဏာသိမ်းပြီးကတည်းက လူ ၁၉ဝဝ ထက်မနည်း သတ်ဖြတ်ခံရပြီး ၁၃၅ဝဝ ကျော် တရားလက်မဲ့ ဖမ်းဆီးခံရတယ်လို့ ပြောပါတယ်။

အတိုက်အခံတွေ စစ်တပ်ကို ဆန့်ကျင်သူတွေကို ဖြိုခွင်းတဲ့အနေနဲ့ လူဒါဇင်နဲ့ချီပြီး သေဒဏ်အမိန့်ချမှတ်ခံထားရတယ်လို့လည်း Michelle Bachelet က ပြောပါတယ်။