မြန်မာနိုင်ငံမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို ကွပ်မျက်ဖို့လုပ်တာဟာ စစ်ကောင်စီ က လူ့အခွင့်အရေးနဲ့ တရားဥပဒေကို ဂရုမစိုက်ကြောင်း ပြသနေတာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဖေ့စဘွတ်ခ် လူမှုကွန်ရက် စာမျက်နှာမှာ ဒီနေ့ရေးသားထားပါတယ်။
"ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံခေါင်းဆောင်တွေကို ကွပ်မျက်ဖို့ မြန်မာ စစ်အာဏာရှင် အဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်ဟာ စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါတယ်" လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။
စစ်ကောင်စီက မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း ကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က တောင်းဆိုပါတယ်။
၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ (ခေါ် ) ဦးကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ လှိုင်သာယာ က နှစ်ဦး၊ စုစုပေါင်း လေးဦးကို စစ်ခုံရုံးက သေဒဏ်ချမှတ်ထားပါတယ်။
သူတို့လေးဦးရဲ့ သေဒဏ်ကို နောက်ဆုံးအတည်ပြုခွင့်ပြုထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ပြောဆိုထားတာပါ။
မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးကလည်း ဒီသေဒဏ်အတည်ပြုချက်နဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အကြမ်းဖက်ဝါဒကို ရင်ဆိုင်နေရတဲ့ မြန်မာလူမျိုးတွေကို လေးစားထောက်ခံသွားမယ်လို့ ဇွန်လ ၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။