အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ကန့်ကွက်မဲမရှိ သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိ နေသေးတဲ့အတွက် သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ဆက်လက်ထားရှိတာ ဖြစ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို သမ္မတ အိုဘားမား အစိုးရက ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ၂၀၀၃ ခုနှစ်က စတင် ပြဋ္ဌာန်း ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာ၊ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေပါဝင်နေတာ၊ တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံနေတာ စတဲ့အချက်တွေဟာ ဆက်လက် စိုးရိမ်ရဆဲ အချက်တွေ ဖြစ်တယ်လို့ သွင်းကုန် ပိတ်ဆို့ရေး အဆိုကို ဦးဆောင်ချမှတ်ခဲ့တဲ့ ရီပတ်ဘလီကင် အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။ အခုမူကြမ်းကို သမ္မတ အိုဘားမား လက်မှတ် ရေးထိုးလိုက်ရင် ဥပဒေတစ်ရပ်အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးဇော်မိုးကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။