မြန်မာစစ်တပ်နဲ့ အာဏာသိမ်းစစ်အုပ်စုကို ကူညီနေတဲ့သူတွေကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်ပြီးလုပ်နေဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနအတိုင်ပင်ခံ Derek Chollet က မနေ့က ပြောလိုက်တဲ့အကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ မြန်မာနိုင်ငံက တရားသူကြီးချုပ်အပါအဝင် စစ်ကောင်စီနဲ့ ဆက်နွယ်သူ ၇ ဦးကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါနိုင်ငံတွေက အရေးယူပိတ်ဆို့မှုတွေ လုပ်ခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းမှု နောက်ကွယ်ကလူတွေ ဒါမှမဟုတ် အာဏာသိမ်းဖို့ အကူအညီပေးခဲ့သူတွေဟာ မြန်မာနိုင်ငံအတွင်းက ဒီမိုကရေစီလမ်းကြောင်းကို ပျက်စီးအောင် လုပ်တဲ့သူတွေ ဖြစ်တာကြောင့် ဒီလူတွေကို အနီးကပ်စောင့်ကြည့်နေပြီး လုပ်စရာရှိတာတွေ ဆက်ပြီးလုပ်သွားဦးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Cholletက ဝါရှင်တန်ဒီစီမှာ အွန်လိုင်းကကျင်းပတဲ့ မဟာဗျူဟာဆိုင်ရာ နိုင်ငံတကာလေ့လာရေးအဖွဲ့ရဲ့ စကားဝိုင်းမှာ မနေ့ကပြောခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ဝါရှင်တန်ဒီစီမြို့တော်မှာ ရှိတဲ့ မြန်မာသံရုံးကို ရိုက်တာသတင်းဌာနက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မြန်မာစစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ လူပုဂ္ဂိုလ် ၆၅ ဦး ဒါမှမဟုတ် အဖွဲ့အစည်း ၂၆ ခုရဲ့ ပြည်ပပို့ကုန်ထိန်းချုပ်မှုတွေကို သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက အရေးယူ ပိတ်ဆို့ထားတယ်လို့လည်း Derek Chollet က ပြောပါတယ်။
အမေရိကန်ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာစစ်တပ်ရဲ့ အတိုက်အခံအဖွဲ့အစည်းတွေနဲ့လည်း ပုံမှန်ဆက်သွယ်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
၂ဝ၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လစ်ဗျားနိုင်ငံတွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေသော အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ Derek Chollet။