သေဆုံးခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီဝင် ၁၃၀၀ ကျော်အတွက် ကျောက်တိုင်စိုက်ထူ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း သေဆုံးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ USDP ပါတီဝင်ပေါင်း ၁၃၂၇ ဦး ရှိခဲ့တယ်လို့ အဲဒီပါတီကနေ သိရပါတယ်။
မတ်လ ၂၆ ရက် ဒီနေ့ နေပြည်တော်က USDP ပါတီရုံးချုပ်မှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူပွဲ ဖွင့်လှစ်ခဲ့ရာ ပါတီရဲ့ပြောခွင့်ရသူ ဒေါ်ယမင်းမြင့်ဆွေက RFA ကို ပြောပါတယ်။
“ပါတီတစ်ခုကို ဝန်းရံတယ်။ ထောက်ခံတယ်ဆိုရင် သူတို့နဲ့ဆန့်ကျင်တဲ့ အဖွဲ့အစည်း ကဆိုရင် ဒလန်စွပ်စွဲပြီးတော့ သတ်ဖြတ်ခဲ့တာကိုး။ ဒါက ဒီမိုကရေစီရဲ့ ပြယုဂ်မဟုတ် ဘူးလေ အဲဒါကြောင့် ကျမတို့ပါတီမှာ ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိတယ်။ ဒီလိုမျိုး အကြမ်းဖက်ခံရပြီးမှ အသက်စွန့်လွှန့်လိုက်ရတဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ကျမတို့က အောက်မေ့ဖွယ်ပေါ့နော် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူတယ်ပေါ့”
လုပ်ကြံသတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ ပါတီဝင် ၁၃၂၇ ဦးရှိခဲ့ပြီး ပါတီကို ဝန်းရံ ထောက်ခံသူတွေ၊ ပါတီဝင်ရဲ့မိသားစုတွေ စတဲ့ သတ်ဖြတ်ခံရတဲ့ စာရင်းတွေနဲ့ပေါင်းရင် အရေအတွက်ဟာ ဒီထက်များနိုင်တယ်လို့ ဒေါ်ယမင်းမြင့်ဆွေက ပြောပါတယ်။
ဒီနေ့အခမ်းအနားကို ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနဲ့ ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေ တက် ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုတာ၊ အသက်ဆုံးရှုံး ခဲ့ရတဲ့ ပါတီဝင်တွေနဲ့ မိသားစုဝင်တွေ၊ ပါတီကို ထောက်ခံဝန်းရံသူတွေကို အောက်မေ့သတိ ရတဲ့အနေနဲ့ ၂ မိနစ် ငြိမ်သက်တာ၊ ပါတီအလံ တစ်ဝက်လျှော့ချလွှင့်တင်တာ၊ ကမ္ဗည်းမော် ကွန်းကျောက်တိုင်မှာ မီးထွန်းညှိပြီး အခမ်းအနား ဖွင့်လှစ်ပေးခဲ့တယ်လို့ USDP ပါတီက ထုတ်ပြန်ထားပါသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းတွေအရတော့ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၇၀၇ ဦးရှိပြီလို့ မတ်လ ၂၅ ရက် မနေ့က ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသား ဒီမိုရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ထိပ်ပိုင်း ခေါင်းဆောင်တွေ အပါအဝင် အဖမ်းခံထားရတဲ့ ပါတီဝင်ပေါင်း ၈၀၀ ကျော်ရှိတယ်လို့ NLD ပါတီက မတ်လ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။
အဲဒီလိုဖမ်းဆီးခံရစဉ် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာနဲ့ အကျဉ်းထောင်တွေ အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်တာကြောင့် ပါတီဝင် ၁၆ ဦး သေဆုံး ခဲ့ရတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။