USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြန်အရွေးချယ်မခံဘူးလို့ ပြော

2022.10.04
USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြန်အရွေးချယ်မခံဘူးလို့ ပြော USDP ပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေးဟာ ပါတီဥက္ကဋ္ဌအဖြစ် ပြန်အရွေးခံမှာ မဟုတ်ဘူးလို့ ဒီနေ့မနက် နေပြည်တော်မှာ ကျင်းပတဲ့ တတိယအကြိမ် ပါတီညီလာခံမှာ ပြောဆိုခဲ့တယ်လို့ ပါတီသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ၂၀၂၀ ရွေးကောက်ပွဲကို နိုင်အောင် ဦးမဆောင်နိုင်ခဲ့တဲ့အတွက် တာဝန်ရှိတာ၊ အာဏာသိမ်းပြီးနောက် ပါတီဝင် နှစ်ထောင်ကျော် အသတ်ခံရတာကို အကာအကွယ် မပေးနိုင်တာနဲ့ ကျန်းမာရေးအရ ခါးရောဂါတို့ကြောင့် ပြန်အရွေးမခံတာလို့ အဖွင့်မိန့်ခွန်းမှာ ထည့်ပြောခဲ့ကြောင်း ပါတီဗဟိုကော်မတီဝင် ဦးလှဆွေက သူ့ရဲ့လူမှု ကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ပါတီကို ဦးဆောင်မယ့်သူတွေ အနေနဲ့ ပါတီဝင်တွေ စည်းလုံးညီညွတ်ရေး၊ ပါတီဝင်တွေရဲ့ အသက်ဘဝလုံခြုံရေး၊ လာမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ရေးတို့အတွက် ဦးဆောင်နိုင် လိမ့်မယ့်လို့ မျှော်လင့်ကြောင်း ဦးသန်းဌေးက ပြောခဲ့တယ်လို့ ဆိုပါတယ်။

USDP ပါတီ ညီလာခံကို နေပြည်တော်မှာ အောက်တိုဘာလ ၄ ရက် ဒီနေ့ကနေ ၆ ရက်နေ့အထိ ၃ ရက် ကျင်းပမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ လက်ရှိ အမှုဆောင်အားလုံး နုတ်ထွက်ရမှာဖြစ်ပြီး မနက်ဖြန်မှာ ပါတီဥက္ကဋ္ဌ အပါအဝင် အမှုဆောင်အဖွဲ့သစ်ကို အပြီးရွေးချယ်တော့မှာဖြစ်တယ်လို့လည်း ပါတီရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပါတီဥက္ကဋ္ဌအသစ်အဖြစ် ရေပန်းစားနေသူကတော့ ဗိုလ်မှူးချုပ်ဟောင်းနဲ့ ရဲချုပ်ဟောင်း လည်းဖြစ် လဝက၀န်ကြီးလည်းဖြစ်ခဲ့တဲ့ လက်ရှိ ပါတီ ဒုတိယ ဥက္ကဋ္ဌ - ၂ ဦးခင်ရီ ဖြစ်ပါတယ်။

USDP ပါတီဟာ စစ်အစိုးရလက်ထက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကြီးကနေ ပေါက်ဖွားလာတာဖြစ်သလို NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။