ရခိုင်ပြည်နယ်က တိုက်ပွဲတွေ အဆုံးသတ်ရေး အစိုးရက ဒေသခံတွေကို တွေ့ဆုံဖို့ USDP တိုက်တွန်း

2019-02-09
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်အတွင်းရှိ မီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်
ပါတီပြောရေးဆိုခွင့်ရှိသူများနဲ့ ရခိုင်အတွင်းရှိ မီဒီယာများ မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၉၊ ဖေဖော်ဝါရီ ၉ ရက်နေ့က ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် အဖြေရှာအဆုံးသတ်ဖို့ အစိုးရမှာ တာဝန်ရှိပြီး ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ လိုအပ်နေပြီလို့ ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဒီနေ့ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ သတင်းသမားတွေနဲ့တွေ့ဆုံရာမှာ ပါတီရဲ့ ပြည်နယ်ပြောခွင့်ရသူ ဦးသန်းဝေ က ပြောခဲ့တာပါ။

ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အစိုးရက ရခိုင်ပြည်သူလူထုနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော် နှစ်ဘက်စလုံးကို အစိုးရက ကြားဝင်ညှိနှိုင်း စေ့စပ်ပေးဖို့ လိုအပ်တယ်လို့လည်း ပါတီရဲ့ပြောခွင့်ရသူ ဦးသန်းဝေက ပြောပါတယ်။

ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေး ၀န်ကြီး ဦးဝင်းမြင့် ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အစိုးရအဖွဲ့အနေနဲ့ ကြားဝင်ညှိနှိုင်းဖြေရှင်းပေးသင့်တာ မှန်ပေမယ့် အဲဒီလိုညှိနှိုင်းပေးတာကို နှစ်ဘက်စလုံးက လက်ခံမှဖြစ်နိုင်ကြောင်း၊ လက်မခံတဲ့ အဖွဲ့တွေဆိုရင် ကြားဝင်ဖြေရှင်းဖို့ မဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း တိုက်ပွဲတွေ ရပ်တန့်ရေးဟာ ပြည်ထောင်စုအစိုးရအဖွဲ့ကသာ ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဟာ လက်ရှိမှာတော့ ဒုက္ခသည်တွေကို ကူညီထောက်ပံ့ရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့