ဦးဝင်းတင်ရဲ့ဆန္ဒကို ဖော်ဆောင် ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

2014-05-20
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနား ကို တော်ဝင်နှင်းဆီခန်းမမှာ မေလ ၂၀ ရက်နေ့က ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကို တွေ့ရစဉ်
ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်လပြည့် အခမ်းအနား ကို တော်ဝင်နှင်းဆီခန်းမမှာ မေလ ၂၀ ရက်နေ့က ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦး တို့ကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် အဖြစ် တာဝန်ယူခဲ့သူ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင် တစ်လပြည့် အခမ်းအနားကို ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဆရာ ဦးဝင်းတင်အတွက် အမှတ်တရ စကား ပြောကြားခဲ့ပါတယ်။

ဆရာဦးဝင်းတင်ကို  လေးစားတန်ဖိုးထားတယ် ဆိုရင် ဆရာကြီးဖြစ်စေချင်တဲ့ တိုင်းပြည်ဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းကြရမယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

"ဦးဝင်းတင်ဆို သတိရပါတယ်၊ လေးစား ပါတယ်၊ တန်ဖိုးထားပါတယ်ဆိုပြီင်္းတော့ ဒီပုဂ္ဂိုလ်ကဖြစ်စေချင်တဲ့ ကိစ္စတွေကျတော့ တန်ဖိုးမထားဘူးဆိုလို့ရင်တော့ ဒါအဓိပ္ပါယ် မရှိပါဘူး၊ ကျမတို့ဟာ တကယ်ပဲ ဆရာ ဦးဝင်းတင်ကို လေးစားတယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်ဆိုလို့ရှိရင် ဆရာ့ဖြစ်စေချင်တဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်အောင်လို့ ၊ဆရာဖြစ်စေချင်တဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတစ်ခု ဖြစ်မြောက်အောင်လို့ ကျမတို့ အားလုံးဝိုင်းပြီးတော့ ကြိုးစားကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံလိုပါတယ်"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ဟာ ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်းတစ်လပြည့်အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နာယက ဦးတင်ဦး၊ စာရေးဆရာ ဦးမိုးသူနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဌေးကြွယ်တို့က အမှတ်တရစကားတွေ ပြောခဲ့ကြပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး နဲ့  ပါတီဝင်တွေ၊ စာပေအသိုင်းအသိုင်း က မိတ်ဆွေတွေ၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူအဖွဲ့အစည်း ခေါင်းဆောင်တွေ ၊ နိုင်ငံရေးအကျဉ်း သားဟောင်းတွေ စုစုပေါင်း လူ ၁ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကွန်မင့်များ (1)
Share

မျိုးမင်းသူ

နေရပ်- ရွေပြည်သာ

ဘယ်မင်းတက်တက် ကိုလုပ်မှကိုစားရမှာပါ ကိုဘာသာကိုယ့်လူမျိုးတည်မြဲဖို့တာ ကိုယ့်နဲ့ဆိုင်တာပါ


[ဤမှတ်ချက်အား လွတ်လပ်တဲ့အာရှအသံ၏ အသုံးပြုခွင့် စည်းမျဉ်းစည်းကမ်းများအရ အယ်ဒီတာက တည်းဖြတ်ထားပါသည်။]

May 22, 2014 11:43 AM

ဆိုက်တခုလုံးသို့