ဟိုပန်နဲ့ ပန်လုံမြို့တွေကို UWSA ဝင်ရောက်တပ်စွဲ
2024.01.05
ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ကောင်စီရဲ့ အခြေစိုက် တပ်ရင်းတပ်ဖွဲ့တွေရှိနေတဲ့ ဟိုပန်နဲ့ ပန်လုံမြို့ နှစ်မြို့ကို UWSA “ဝ” တပ်ဖွဲ့က ဇန်နဝါရီလ ၅ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အင်အား အလုံးအရင်းနဲ့ ဝင်ရောက်တပ်စွဲလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဟိုပန်မြို့ကအနီးက စစ်တပ်စခန်းတွေကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဒီနေ့မနက်ပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ပြီးနောက် နေ့လယ်ပိုင်းမှာ “ဝ”တပ်ဖွဲ့ (UWSA) က ဝင်ရောက် နေရာယူလိုက်တာလို့ ဟိုပန်မြို့ခံတစ်ဦးက ပြောပါတယ်။
“ “ဝ”တပ်ဖွဲ့က ကားတွေနဲ့ အလုံးအရင်း ဝင်လာတယ်။ အခုမြို့တွင်းမှာ “ဝ”တပ်ဖွဲ့ အလံတွေ စိုက်လိုက်ပြီ။ ပန်လုံကိုလည်း တက်လာတယ်ဗျ”
ဟိုပန်မြို့ဟာ ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့နဲ့ လေးမိုင်ကျော်သာ ကွာဝေးပြီး ဟိုပန်နဲ့ ပန်လုံမြို့ကတော့ မိုင်နှစ်ဆယ်ခန့် ကွာဝေးတယ်လို့ သူက ဆိုပါတယ်။
ဟိုပန်မြို့မှာ စစ်ကောင်စီရဲ့ ခလရ (၁၄၃) နဲ့ ခလရ (၁၄၅) တပ်ရင်းတွေ အခြေစိုက်ထား ပါတယ်။ အဲဒီ တပ်ရင်းတွေဟာ တပ်ရင်းလိုက် လက်နက်ချတာနဲ့ ရှေ့တန်း ထွက်နေတာတွေ ရှိတာကြောင့် နောက်ချန်အား အနည်းငယ်ပဲ ကျန်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်လုံမြို့မှာတော့ စစ်ကောင်စီရဲ့ ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ အမှတ် (၃) နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုတပ်ဖွဲ့က အခြေ စိုက်ထားတာပါ။
အဲဒီနေရာတွေဟာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ လက်နက်ကိုင်ဆောင်ပြီး ဝင်ရောက်ခွင့် ကန့်သတ်ထားတဲ့ နေရာတွေဖြစ်ပေမယ့် လက်ရှိမှာ UWSA က လက်နက်အင်အား၊ လူအင်အား အပြည့်အစုံနဲ့ ဝင်ရောက် တပ်စွဲလိုက်တာလို့လည်း ရှမ်းပြည် အခြေစိုက် စစ်ရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒီလို ဝင်ရောက် တပ်စွဲတာတွေ ရှိပေမယ့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘူးလို့ ပန်လုံဒေသခံက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးသလို “ဝ”ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းကို RFA က မေးမြန်းခဲ့ပေမယ့် ပြန်လည် တုံ့ပြန်တာ မရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA နဲ့ TNLA တပ်ဖွဲ့က ရှမ်းမြောက်ဒေသ မြို့နယ်ပေါင်း ၁၁ မြို့နယ်နဲ့ စစ်ကောင်စီရဲ့ တပ်စခန်း အသေးအကြီး နှစ်ရာကျော်ကို သိမ်းပိုက်ထားပါတယ်။