ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP/UWSA အဖွဲ့နဲ့ မိုင်းလား NDAA မိုင်းလားအဖွဲ့တို့က ၂၁ရာစု ပင်လုံ ညီလာခံ၊ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး ပြင်ဆင်မှုကော်မတီအဖွဲ့နှင့် တွေ့ဆုံဖို့ သဘောတူညီချက်ရရှိထားပြီး လာမယ့်ရက်ပိုင်းအတွင်း တွေ့ဆုံဘို့ရှိတယ်လို့ ညီလာခံပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
ဒီအဖွဲ့တွေကို ညီလာခံပြင်ဆင်ရေးကော်မတီဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင် တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး သဘောတူညီချက်ရရှိတာဖြစ်တယ်လို့ ဦးလှမောင်ရွှေကပြောပါတယ်။
"UWSA နဲ့ မိုင်းလား အဲ့နှစ်ဖွဲ့ကို ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ကိုယ်တိုင်ဆက်သွယ်ပြီးတော့ ညှိနှိုင်းနေတယ်၊ အဆက်အသွယ်ရနေပြီ၊ လာမယ့်ရက်ပိုင်းအတွင်းမှာ တွေ့နိုင်ဖို့ရှိတယ်ပေါ့၊ ဟိုတစ်နေ့က TNLA တို့ ၃ ဖွဲ့ကို ချင်းမိုင်မှာ ချိန်းပေမယ့် သူတို့ရောက်မလာဘူး၊ သူတို့ကို တစ်နေရာမှာထပ်ချိန်းပြီး ရှင်းတော့ပြရာမှာပေါ့နော်"
အဲ့ဒီလိုတွေ့ဆုံရေးအတွက် ရာသီဥတုအခြေအနေအရ နေရာရွေးချယ်ဖို့သာ လိုတော့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဒေါက်တာတင်မျိုးဝင်းနဲ့အဖွဲ့ဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေး ထိုးခြင်းမရှိသေးတဲ့ အဖွဲ့များပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီနဲ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒီအဖွဲ့ကို အခုလအတွင်း ရန်ကုန်မြို့ကို ဖိတ်ခေါ်ထားပြီး ဆက်လက်ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။
