စာနယ်ဇင်း တာဝန်သိဖို့ ဒုဝန်ကြီး ဦးရဲထွဋ် ပြောကြား


2014.07.10
uyehtut-305.JPG ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: RFA/ Myo Thant Khaing

ယူနတီဂျာနယ်က သတင်းသမားတွေကို ထောင်ဒဏ် ၁ဝ နှစ်စီချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က နိုင်ငံတော်လုံခြုံရေးအတွက် ကမ္ဘာ့နိုင်ငံအားလုံးက အလားတူ အရေးယူကြ မှာ ဖြစ်ကြောင်း၊ စာနယ်ဇင်းသမားတွေမှာ လွတ်လပ်ခွင့် ရှိသလို  တာဝန်နဲ့ကျင့်ဝတ်တွေလည်းရှိကြောင်း RFA ကို မနေ့က ပြော ကြားလိုက်ပါတယ်။

"အမျိုးသားလုံခြုံရေးအတွက် ဘယ်နိုင်ငံဘယ်အစိုးရ မဆို ဒါကိုထိန်းသိမ်းကြတာပဲ အမေရိကန်နိုင်ငံ ပင်လျှင် ထုတ်ပြောလို့မရတဲ့ အချက် ၉ ချက်ထဲမှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ပါတယ်၊ ဒါကို သတင်းလွတ်လပ်ခွင့်ဘောင် တစ်ခု တည်းနဲ့ သွားစဉ်းစားလို့မရဘူး၊ ကျနော်ပြောချင် တာတော့ ဒီဟာမှာ အဲ့ဒီလို သတင်းထောက်တွေ အနေနဲ့က ဘယ်ဘောင်ထဲကနေ ကိုယ်သတင်းကို ရေးလို့ရတယ်ဆိုတာ နားလည်လို့ရှိရင် ဒီလိုပြဿနာ မျိုးရှောင်နိုင်မှာပေါ့၊ ကျနော်သိသလောက်တော့ သူတို့ဒီအယောင်ဆောင်ပြီးတော့ လုပ်ငန်းခွင်ထဲကို ဝင်သွားတယ်၊ ဝင်သွားပြီးတော့ အဲ့ဒီမှာ ဓါတ်ပုံရိုက်တယ် နောက်တချို့အချက်တွေကိုယူတယ် ပြီးတော့ သူတို့မြင်သလောက်တွေကို သူတို့ရေးတာပေါ့၊ အခုသူတို့ကို အရေးယူထားတဲ့ကိစ္စကတော့ တားမြစ်ထားတဲ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်တယ်ဆိုတာနဲ့ စွဲတာ"

အခု အမိန့်ချမှတ်ခံရတဲ့ စာနယ်ဇင်းသမားတွေအနေနဲ့ အယူခံခွင့်ရှိကြောင်း၊ ဒီရက်ပိုင်းအတွင်း စာနယ်ဇင်းသမားတွေ ကို အရေးယူတာဟာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီပြုပြင်ရေးတွေကို ဖိနှိပ်ချုပ်ချယ်ပြီး နောက်ကြောင်း ပြန်လှည့်တာ မဟုတ်ကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ပညာရေး  ဒုဝန်ကြီး ဦးသန့်ရှင်းတို့ ပါဝင်တဲ့ မြန်မာအစိုးရထိပ်တန်း အရာရှိတချို့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ၂ ပတ်ကြာ လေ့လာဖု့ိ ဝါရှင်တန်ဒီစီမြို့တော်ကို ဇူလိုင် ၅ ရက်နေ့က စတင်ရောက်ရှိနေပါတယ်။

RFA ရုံးချုပ်ကို မနေ့က လာရောက်လည်ပတ်တဲ့ ဦးရဲထွဋ် နဲ့ ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းချက် ပထမပိုင်းကို နားဆင်ပါ။

အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒတွေကို လေ့လာဖို့ ဝါရှင်တန်ဒီစီမြို့တော်ကို ခေတ္တရောက်ရှိနေ တဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ဟာ RFA ရုံးချုပ်ကို ကြာသပတေးနေ့ ညနေက လာရောက် လည်ပတ်ခဲ့ပါတယ်။ ဒုဝန်ကြီး ဦးရဲထွဋ်နဲ့ ဦးခင်မောင်စိုး တွေ့ဆုံမေးမြန်းချက် ဒုတိယပိုင်းကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။