ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း အင်းစိန်ထောင် အပို့ခံရ

2022.08.25
ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း အင်းစိန်ထောင် အပို့ခံရ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း Vicky Bowman ကို တွေ့ရစဥ်
Photo: Vicky Bowman's FB
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) နဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းကို ဩဂုတ်လ ၂၅ ရက် ဒီနေ့ နေ့လယ် ၂ နာရီကျော်က စစ်ကောင်စီက အင်းစိန်အချုပ်ထောင်ကို ပို့ဆောင်လိုက်တယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
 
မစ္စဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းကို ဩဂုတ်လ ၂၄ ရက် မနေ့ည ၁၀ နာရီကျော်က ဒဂုံမြို့နယ်က သူတို့ရဲ့ နေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တာဖြစ်ပြီး ရဲစခန်း တစ်ခုမှာ ကနဦး ချုပ်နှောင်ခံခဲ့ရတာပါ။
 
မစ္စဗစ်ကီဘိုးမန်းကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့လိုတယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားပေမယ့် မစ္စဗစ်ကီဘိုးမန်းအနေနဲ့ အဲဒီဥပဒေကို ချိုးဖောက်ထားတာ မရှိဘူးလို့လည်း မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
 
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နေတယ်လို့ RFA ကို အင်တာနက်အီးမေးလ်ကနေတစ်ဆင့် ပြောဆိုပါတယ်။
 
HRW လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ရဲ့ အာရှဆိုင်ရာလက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကတော့ တပ်မတော်ဟာ အရှေ့တောင်အာရှမှာ အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်သူတွေအဖြစ် ဘာကြောင့်ပါဝင်နေတယ်ဆိုတာကို ဖော်ပြလိုက်တာဖြစ်ပြီး အဖမ်းခံ ထားရတဲ့ မစ္စဗစ်ကီဘိုးမန်းနဲ့ သူ့ခင်ပွန်းကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ဖို့ သူ့ရဲ့ တွစ်တာ လူမှုကွန်ရက်မှာ ဒီနေ့ ရေးသားထားပါတယ်။
 
မစ္စဗစ်ကီဘိုးမန်းဟာ ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ခင်ပွန်း ပန်းချီဆရာထိန်လင်း ကတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။