တပ်သား ၂ ဦး ပစ်ခတ်မှုကြောင့် သေဆုံးသူတွေအတွက် နစ်နာကြေးတောင်း
2019.04.11

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သား နှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ၇ ဦး သေဆုံးခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်တွေက နိုင်ငံတော်ထံကနေ နစ်နာကြေးရလိုတယ်လို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပပြီး တောင်းဆိုလိုက်ပါတယ်။
သေဆုံးသွားသူတွေမှာ မိသားစုဝင် ကလေးငယ်တွေ ကျန်ရစ်ခဲ့တာကြောင့် ကလေးတွေ စားသောက်နေ ထိုင်ရေးအတွက် နစ်နာကြေးရလိုတာလို့ ေသဆုံးသွားတဲ့ အမျိုးသား ၃ ဦးရဲ့ဖခင် ဦးသန်းရွှေ က ပြောပါတယ်။
သေနစ်ပစ်ခတ်ရာမှာ ဒဏ်ရာရရှိနေတဲ့ အမျိုးသမီးတစ်ဦးကတော့ မော်လမြိုင်ဆေးရုံကြီးမှာ တတ်ရောက် ကုသနေပြီး ဒဏ်ရာကနေ သက်သာလာပြီလို့ မိသားစုဝင်တွေက ပြောပါတယ်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကတော့ သေဆုံးသွားတဲ့ မိသားစုဝင်တွေက နစ်နာကြေးတောင်းဆိုတာကို လောလောဆယ်မသိသေးကြောင်းနဲ့ ပြစ်မှုကျူးလွန်ခဲ့တဲ့ တပ်သား ၂ ဦးကို လက်နက် နဲ့ ခွင့်မဲ့ပျက်ကွက်မှု၊ အရက်သေစာ သောက်စားမူးယစ်မှုတွေနဲ့ စစ်တရားရုံးမှာ ပွင့်လင်းမြင်သာစွာ စစ်ဆေးအရေးယူ သွားမှာဖြစ်ပြီး လူ ၇ ဦးသေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိမှုအတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ နယ်ဘက် တရားရုံးကို လွှဲပြောင်းစစ်ဆေးစီရင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် တပ်မတော်အတွင်း စစ်ဆေးမှုဟာ ၁ လအတွင်း ပြီးစီးသွားနိုင်ကြောင်းနဲ့ အဲဒီနောက်ပိုင်းမှာ လူသေဆုံး မှုအတွက် စစ်ဆေးဖို့ အရပ်ဘက်တရားရုံးကို လွှဲပြောင်းသွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။