ဗီယက်နမ် မိုဘိုင်းကုမ္ပဏီ မြန်မာပြည်မှာ စတင်

ဗီယက်နမ်နိုင်ငံရဲ့ အကြီးမားဆုံး မိုဘိုင်းဆက်သွယ်ရေးကွန်ယက် ကုမ္ပဏီဖြစ်တဲ့ Viettel က မြန်မာနိုင်ငံမှာ သူတို့ကုမ္ပဏီရဲ့ ဝန်ဆောင်မှုတွေကို ရှေ့လအတွင်း စတင်တော့မယ်လို့ မနေ့က သတင်းရပါတယ်။

အဲဒီ ကုမ္ပဏီဟာ ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင်ဖြစ်ပြီး 4G LTE မြန်နှုန်းမြင့် ဗီဒီယိုဆက်သွယ် ပြောကြားမှုတွေကို နေပြည်တော်မှာ တနင်္ဂနွေနေ့က အောင်မြင်စွာ စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာပြည်မှာ ဝန်ဆောင်မှုပေးမယ့် ဖက်စပ်ကုမ္ပဏီကို MyTel (Telecomm International Myanmar Company) လို့ အမည်ပေးထားပါတယ်။ အဲဒီဖက်စပ်ကုမ္ပဏီမှာ Viettel က ၄၉% Star High ခေါ် ဒေသခံမြန်မာကုမ္ပဏီက ၂၈% နဲ့ Myanmar National Telecom Holding Public Ltd. မြန်မာအမျိုးသား ဆက်သွယ်ရေး ဦးပိုင်ကုမ္ပဏီ က ၂၃% အစုရှယ်ယာတွေ ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။

ဗီယက်နမ် ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel ကုမ္ပဏီက မြန်မာပြည်မှာ အမေရိကန် ဒေါ်လာ သန်း ၁၅ဝဝ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းက ကြေညာခဲ့ပါတယ်။

နေပြည်တော်မှာ ပြည်ထောင်စုနေ့က ကျင်းပတဲ့ MyTel ကုမ္ပဏီဖွင့်ပွဲကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။