လုပ်ငန်းရှင် ဦးကိုကိုလတ် ၃ လအတွင်း ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးမှ ရုပ်သိမ်းခံရ

အိုက်စလန်နိုင်ငံဟာ ရာထူးမခန့်အပ်ခင်မှာ EU ဒဏ်ခတ်ပိတ်ဆို့မှုကို ထည့်သွင်းစဥ်းစားဖို့ ပျက်ကွက်ခဲ့။

အာဏာသိမ်း စစ်တပ် အာဏာပိုင်တွေနဲ့ စီးပွားရေးဆက်နွယ်မှုတွေရှိတယ်လို့ စွပ်စွဲခံထားရတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးကိုကိုလတ်ဟာ အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံရပြီး သုံးလမပြည့်ခင်မှာပဲ ရာထူးကနေ ရုပ်သိမ်းခံလိုက်ရတယ်လို့ Justice For Myanmar (JFM) အဖွဲ့က မေ ၂၉ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

ဦးကိုကိုလတ်ဟာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရပြီး မေလ ၁၂ ရက်မှာ နုတ်ထွက်စာတင်ခဲ့အပြီး အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၅ ရက်မှာ ရာထူးကနေ တရားဝင် ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဦးကိုကိုလတ်နဲ့ သူပိုင်ဆိုင်တဲ့ K K Business Group ဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့အတူ စစ်အာဏာပိုင်တွေထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) တို့နဲ့ စီးပွားရေး ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုပြီး မတ်လ ၂၇ ရက်က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးထံ Justice For Myanmar က စာပေးပို့ တိုင်ကြားခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုတိုင်ကြားခဲ့အပြီး အိုက်စလန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကိစ္စရပ်ကို ပြန်လည်စိစစ်ခဲ့ပြီး ကိုကိုလတ်က နုတ်ထွက်စာတင်ခဲ့တာ ဖြစ်တယ်လို့ JFM က ပြောပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့ အိုက်စလန်နိုင်ငံဟာ ရာထူးမခန့်အပ်ခင်မှာ EU ဒဏ်ခတ်ပိတ်ဆို့မှုကို အရေးတယူ ထည့်သွင်းစဥ်းစားဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောပါတယ်။

“ကိုကိုလတ်ကို အိုက်စလန်ရဲ့ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့တာဟာ ကြိုတင်စိစစ်မှု အားနည်းခဲ့တာကို ပြသနေပြီး EU ဒဏ်ခတ်ပိတ်ဆို့မှုတွေ အကောင်အထည်ဖော်ရာမှာလည်း အိုက်စလန်အတွက် ကြီးမားတဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်စေခဲ့တယ်”

JFM ရဲ့ အစီရင်ခံစာအရ K K Business Group ဟာ ရန်ကုန်မြို့က Central Hotel ကို MEHL ထံကနေ ၁၅ နှစ်စာချုပ်နဲ့ ငှားရမ်းလုပ်ကိုင်နေပြီး ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်အတွင်း MTE ထံက သစ်ဝယ်ယူတဲ့ ကုမ္ပဏီ ၄၀ ကျော်ထဲမှာ အကြီးဆုံး ဝယ်ယူသူတစ်ဦး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာကို ကျွန်းသစ်တင်ပို့မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့သလို လေကြောင်းဝန်ဆောင်မှုလုပ်ငန်းနဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းတွေကိုပါ တိုးချဲ့လုပ်ကိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

K K Business Group ဟာ အမေရိကန်၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) ကတစ်ဆင့် စီးပွားရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့လည်း JFM က ဆိုပါတယ်။

ဦးကိုကိုလတ်ကတော့ JFM ရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူပိုင်ဆိုင်တဲ့ K K Business Group ဟာ MEHL နဲ့ MTE တို့နဲ့ စီးပွားရေးဆက်ဆံမှု မရှိဘူးလို့ အိုက်စလန်အစိုးရထံ တုံ့ပြန်ထားကြောင်း JFM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ JFM ကတော့ ဦးကိုကိုလတ်ရဲ့ ပြောဆိုချက်တွေဟာ ကုမ္ပဏီစာရွက်စာတမ်းတွေ၊ စစ်အုပ်စုဌာနဆိုင်ရာ မှတ်တမ်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ပြောပါတယ်။

Justice For Myanmar အနေနဲ့ စစ်အုပ်စုနဲ့ စီးပွားရေးဆက်လက်လုပ်ကိုင်နေတယ်လို့ စွပ်စွဲထားတဲ့ ကိုကိုလတ်၊ K K Business Group နဲ့ သူ့ရဲ့ ဒါရိုက်တာတွေ၊ ပိုင်ရှင်တွေအပေါ် အမေရိကန်၊ အီးယူ၊ ယူကေ၊ ကနေဒါနဲ့ သြစတြေးလျနိုင်ငံတွေက ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တောင်းဆိုထားပါတယ်။

Justice For Myanmar (JFM) ဟာ စစ်တပ်ရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ ငွေကြေးကွန်ရက်တွေကို စုံစမ်းဖော်ထုတ် ထုတ်ပြန်နေတဲ့ လှုပ်ရှားမှုအဖွဲ့တစ်ခု ဖြစ်ပါတယ်။