တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ ဗီယက်နမ်နိုင်ငံသား တစ်ထောင်ကျော်ကို ကယ်ထုတ်

ရှမ်းပြည်နယ်မြောက်ပိုင်းက လက်နက်ကိုင်တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း လေကြောင်းကနေ နောက်ထပ် ခြောက်ကြိမ်ကယ်ထုတ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ကြေညာပါတယ်။

အခုအချိန်အထိ ဗီယက်နမ်နိုင်ငံသား စုစုပေါင်း အယောက် ၁ဝ၂ဝ ကို လေကြောင်းခရီးစဉ်ကိုးကြိမ်နဲ့ ကယ်တင်ခဲ့ရာမှာ ကုန်ကျငွေအားလုံးကို ဗီယက်နမ်အစိုးရက ကျခံခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အလားတူဒုက္ခရောက်နေတဲ့ အီဂျစ်၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံသားတွေကို ကယ်တင်ဖို့အတွက်လည်း ဗီယက်နမ်အစိုးရက ကူညီခဲ့တယ်လို့ ဆိုပါတယ်။ လွတ်မြောက်လာသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ မွေးကင်းစကလေးငယ်တွေနဲ့ လူငယ်တွေ အများစုပါဝင်ပါတယ်။ သူတို့ဟာ ရှမ်းပြည်မြောက်ပိုင်းက ကာစီနိုလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ သွေးဆောင်ဖြားယောင်းခံခဲ့ရသူတွေဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပိတ်မိနေဆဲ ဗီယက်နမ် နိုင်ငံသားတွေ ရှိသေးတဲ့အတွက် မြန်မာနိုင်ငံက ဗီယက်နမ်သံရုံးနဲ့ ပူးပေါင်းပြီး အမြန်ဆုံးကယ်တင်နိုင်ဖို့ ဆက်လက်ကြိုးစားသွားမယ်လို့ ပြောထားကြောင်း ဒီဇင်ဘာ ၇ ရက်နေ့ ဟနွိုင်းမြို့က Vietnam News သတင်းဌာနက ဖော်ပြပါတယ်။