အာဆီယံသဘောတူချက်တွေ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ဗီယက်နမ် တိုက်တွန်း

2022.06.14
အာဆီယံသဘောတူချက်တွေ အကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို ဗီယက်နမ် တိုက်တွန်း အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်စဉ်
AFP Photo

အာဆီယံရဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝအကောင်အထည် ဖော်ရေး အာဆီယံနဲ့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ပါလို့ စစ်ကောင်စီကို ဗီယက်နမ်နိုင်ငံက တိုက်တွန်းလိုက်တဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ ဒီနေ့ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် Le Thi Minh Thoa က ဇွန်လ ၁၃ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။

မြန်မာ့အရေးမှာ သက်ဆိုင်ရာအင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းပြီးတော့ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေကို လုပ်ဆောင်ဖို့လည်း ဗီယက်နမ်က တိုက်တွန်း ပါတယ်။

မြန်မာပြည်ဒီမိုကရေစီအကူးအပြောင်းအတွက် နိုင်ငံတကာက ဝိုင်းပြီးကူညီဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

မြန်မာ့အရေး ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေထွက်အောင် လုပ်ဆောင်နေတဲ့ အာဆီယံရဲ့ ကြိုးပမ်းနေမှုတွေကိုလည်း နိုင်ငံတကာ အသိုင်းအဝိုင်းက ဆက်ပြီး အားပေးကူညီဖို့ ဗီယက်နမ်က တိုက်တွန်းပါတယ်။

မြန်မာပြည်သူတွေ စိတ်ချလုံခြုံရေးကို ပထမဦးစားပေးထားပြီး မြန်မာ့အရေးမှာ ပါဝင် ပတ်သက်သူ အားလုံး အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ဖို့၊ ကျန်းမာရေးနဲ့ ကိုဗစ်ကာကွယ် ဆေးထိုးနှံရေးအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေရရှိရေး ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း မနေ့က အစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ အကျပ်အတည်းနဲ့ အာဆီယံရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အကြောင်းပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်က ပြဿနာကို ဖြေရှင်းဖို့လည်း ပြောဆိုခဲ့ပါတယ်။

ဗီယက်နမ်အဖွဲ့ ဒုတိယခေါင်းဆောင်က ရခိုင်ပြည်က ပြဿနာအတွက် သက်ဆိုင်သူ အားလုံးက ဇာစ်မြစ်မှန်ကို သိရှိပြီး အဖြေရှာကြဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ မြန်မာ့အချုပ်အခြာနဲ့ လွတ်လပ်မှုကို လေးစားပြီး ဝိုင်းဝန်းကူညီကြဖို့ ဗီယက်နမ်က တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။