စစ်အာဏာသိမ်းတဲ့နေ့ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြင်ကွင်းများ

နေပြည်တော်က အခြေအနေကို ပထမဆုံးပြောပြပါမယ်။ မနက် ၃ နာရီလောက် ကတည်းက အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းအားလုံး ပြတ်နေပါတယ်။ ဖေဖော်ဝါရီလ ၁ရက်နေ့ ဒီနေ့ဟာ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ တိုင်းရင်းသားပါတီ အမတ် ၄၀၀ ကျော် တတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး စတင်တက်ရောက်မယ့် ပထမဆုံးနေ့ ဖြစ်ပါတယ်။

ဒီကနေ့ မနက်ပိုင်းက ၁၁နာရီကျော်လောက်မှ အင်တာနက်လိုင်းတွေ ပြန်ရပြီး စည်ပင်ရိပ်သာထဲမှာ ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ စကားပြောခွင့်ရပါတယ်။ ပထမဆုံး SNLDပါတီက လွှတ်တော်ကိုယ်စားလှယ် စိုင်းလင်းမြတ်ပြောပြတာက ....

"မနက် ၅ခွဲလောက်မှ အခန်းနီးချင်းတွေ ပြောလို့ သိရပါတယ်။ အပြင် ထွက်ကြည့်တော့လည်း တပ်မတော်သားတွေ ဝိုင်းထားတာ တွေ့ရပါတယ်"

NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦး ကလည်း ....

"အခုအချိန်အထိ လွှတ်တော်ကိုယ်စားလှယ်တွေဟာ တည်ငြိမ်အေးဆေးစွာနဲ့ ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားချက်ကိုစောင့်နေပါတယ်။အားလုံးက ရင်ဆိုင်ဘို့ အသင့်ပြင်ထားပါတယ်"

တဆက်တည်းက NLD ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကလည်း...

" လက်ရှိကတော့စည်ပင်ဝင်းထဲမှာ အေးအေးဆေးဆေးပါပဲ။ ပါတီကလည်း အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေဖို့ပဲ ပန်ကြားပါတယ်။ အပြင်တော့ ထွက်လို့ မရပါဘူး"

အဲဒီအမတ်တွေတည်းခိုရာ စည်ပင်ဧည့်ရိပ်သာရှေ့မှာ လက်နက်အပြည့် တပ် ဆင်ထားတဲ့ စစ်ကား ၅ စီးခန့် ဒီကနေ့ လုံခြုံရေးယူပိတ်ဆို့ထားပါတယ်။ စစ်ကားတွေနဲ့ ဧည့်ရိပ်သာ ခြံစည်းရိုးကြား ခြုံပုတ်တွေ ထဲမှာလည်း စစ်သားတစ်ဦးချင်းစီက အသင့်အနေအထားနဲ့ ကင်းပုန်းဝပ် စောင့်ကြည့်နေတာကို မြင်တွေ့ရပါတယ်။ ဒီနေ့စတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေး ကိုလည်း ဖျက်သိမ်းလိုက်ပြီး ပြည်ထောင်စု လွှတ်တော် အနီးတဝိုက်ကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။ နေပြည်တော် မြို့လယ် လူစည်ကားရာ နေရာတွေမှာတော့ စစ်ကားနှစ်စီးနဲ့ ရဲကားနှစ်စီးခန့် လှည့်ပတ်နေတာကို တွေ့ရပါတယ်။ အစိုးရရုံး ဝန်ကြီးဌာနတစ်ချို့ ပုံမှန်အလုပ်လုပ်နေပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ရှေ့မှာတော့ ထူးထူးခြားခြား တိတ်ဆိတ်နေတာကို မြင်တွေ့ရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းရဲ့ နေအိမ် ရှေ့မှာ စစ်သားနှစ်ယောက် လုံခြုံရေးယူထားတာ တွေ့ရပြီး၊ နေအိမ်ထဲက အခြေအနေကိုတော့ အတိအကျ မသိရပါဘူး။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းနဲ့ အဖွဲ့ဝင်တွေ ထိမ်းသိမ်းခံရမှုရှိမရှိ ကော်မရှင်ရုံးကို RFA က ဖုန်းဆက်မေးမြန်းရမှာ အဲဒီကိစ္စ မပြောနိုင်ဘူးလို့ ဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားပါတယ်။ ကော်မရှင်ရုံး ဝန်ထမ်းတွေ ပုံမှန်အလုပ်လုပ်နေသလားလို့ မေးမြန်းရာမှာတော့ ပုံမှန်အတိုင်းပဲ အလုပ် ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကြောင့် နေပြည်တော်မှာ ဘဏ်လုပ်ငန်းတွေ နေ့တစ်ဝက်ခန့် ရပ်ဆိုင်းသွားပြီး၊ ပြည်သူတချို့လည်း ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုတ် စတဲ့ အခြေခံ စားကုန်တွေကို ဝယ်ယူစုဆောင်းတာတွေ လုပ်ဆောင်နေကြပါတယ်။

ရန်ကုန်မြို့မှာလည်း မနေ့က ညနက်ပိုင်းထဲက ဖုန်းလိုင်းတွေပြတ်နေပါတယ်။ ဒါပေမဲ့NPT လိုင်းတချို့တော့ ရနေပါတယ်။ ရန်ကုန်မြို့ထဲမှာ လုံခြုံရေး နေရာယူထားတာတွေ သိပ်မတွေ့ရဘဲ မြို့တော်ခန်းမမှာပဲ ရှိနေပါတယ်။ လူတွေကတော့ ATM စက်တွေ ဘဏ်တွေမှာ ငွေတွေ ထုတ်နေကြပါတယ်။

ရန်ကုန်မြို့တော်ခန်းမ ရှေ့မှာ နေ့လည် ၂ နာရီ ဝန်းကျင်က တပ်မတော် ထောက်ခံဆန္ဒပြပွဲ လုပ်သွားပါတယ်။ မနက်ဖြန် နေ့လည် ၃ နာရီမှာလည်း ပြည်သူ့ရင်ပြင်မှာ တပ်မတော် ထောက်ခံပွဲ ဆက်လုပ်မယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ကျောက်တံတားမြို့နယ် ရဲစခန်းရှေ့က ဆူးလေလမ်းမပေါ်မှာ ရဲကား ၁၀ စီးနီးပါး နေရာယူထားပါတယ်။ ကားတွေပေါ်မှာ ရဲတပ်ဖွဲ့ဝင်တွေ အပြည့်ရှိနေပါတယ်။ ရန်ကုန်တိုင်း လွှတ်တော်ဝန်း အဝင်အဝမှာတော့ ရဲတပ်ဖွဲ့လုံခြုံရေးပဲ တွေ့ရပါတယ်။ အဝင်အထွက်တွေကို ပိတ်ထားပါတယ်။ ဗဟန်းမြို့နယ်က NLD ပါတီရုံးချုပ်ကို တံခါးပိတ်ထားပြီး လူတစ်ယောက်မှ မတွေ့ရပါဘူး။ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်းစုကြည်နေအိမ်လည်း တံခါးပိတ်ထားပြီး သီးခြားလုံခြုံရေး ချထားတာမျိုး မတွေ့ရပါဘူး။ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးကတော့ တံခါးပိတ်ထားပြီး ထူးထူးခြားခြား လုံခြုံရေးတိုးမြှင့်ထားတာ မရှိပါဘူး။ တက္ကသိုလ်ရိပ်သာ လမ်းက အမေရိကန်သံရုံးရှေ့မှာတော့ ရဲလုံခြုံရေးကားတစ်စီး စောင့်နေပါတယ်။ မနက်က ရန်ကုန်မြို့တွင်း ကားအသွားအလာပုံမှန်ရှိပေမယ့် နေ့လည်ပိုင်းမှာတော့ အပြင်ထွက်သွားလားသူနည်းသွားပါတယ်။ ဒါက ရန်ကုန်မြို့က အခြေအနေပါ။

မန္တလေးမှာ တော့ လူတွေက ပုံမွန်ပဲ သွားလာနေကြတယ်၊ ဘဏ်တွေနဲ့ ဆီဆိုင် ဆန်ဆိုင်တွေမှာတော့ လူတွေတိုးနေပါတယ်။ မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေအားလုံး ထိန်းသိမ်းခံထားရပါတယ်။

မနက်အစောပိုင်းမှာ တိုင်းအစိုးရအဖွဲ့ရုံးနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ အိမ်တွေနားမှာ တပ်က လုံခြုံရေး ယူထားပြီး၊ နေ့လယ်လောက်ကျမှ ရဲတပ်ဖွဲ့က လုံခြုံရေး ပြောင်းယူပါတယ်၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးထဲမှာလည်း တပ်နဲ့ ရဲတွေ လုံခြုံရေးချထားတယ်။

တိုင်းရဲတပ်ဖွဲ့ရုံးထဲမှာ ရဲဝန်ထမ်းအများကြီး ရှိနေတာကို တွေ့ရတယ်။ NLD ပါတီ တာဝန်ရှိသူတွေကိုလည်း နန်းတွင်းထဲမှာ ထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေ ကြားရပါတယ်။ အခုမှ အင်တာနက်လိုင်းတွေ မန္တလေးမှာ ပြန်ရတယ်၊ ဖုန်းလိုင်းတွေ လုံးဝမရဖြစ်နေပါတယ်။