မစ္စတာ နမ်ဘီးယားနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် များ ဆွေးနွေး


2013.10.09
nambiar-305.jpg မြစ်ကြီးနားမြို့မှာကျင်းပတဲ့ ကေအိုင်အိုနှင့် အစိုးရဆွေးနွေးပွဲကို တက်ရောက်လာသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Vijay Nambiar ကို အောက်တိုဘာလ ၉ ရက်နေ့က တွေ့ရစဉ်
photo: RFA/ Kyaw Myo Min

ကချင်ပြည်နယ် မြစ်ကြီးနားမြို့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှာ လေ့လာသူအဖြစ် တက်ရောက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်  ဗီဂျေးနမ်ဘီးယားတို့ ဒီနေ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ကြ ပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးရာမှာ အစိုးရနဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲထားပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့အခြေအနေ ကို ဆွေးနွေးဖြစ်တယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့  အထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက RFA ကို ပြောပါတယ်။

"တချို့တိုင်းရင်းသားဘက်မှာကျတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးပြီးတော့ တိုက်ပွဲဖြစ်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးတယ်၊ ကျနော်တို့ဖြစ်စေချင်တဲ့ဆန္ဒတွေ တင်ပြပါတယ်၊ သူတို့က နှစ်ဖက်စလုံးက ယုံကြည်မှုအပြည့်အဝ မရှိသေးတဲ့အချိန်မှာ ကိုယ့်လုပ်ဆောင်မှုကလည်း ဒီယုံကြည်မှုကို အားဖြည့်ပေးတဲ့ အနေအထား မဟုတ်လို့ရှိရင်တော့ တိုက်ပွဲဖြစ်နေမှာပဲ၊ ဒါက သူတို့ရဲ့သုံးသပ်ချက်"


ကုလသမဂ္ဂအနေနဲ့ လေ့လာပြီး အကြံပြုနိုင်တဲ့အဆင့်သာရှိကြောင်း မိမိတို့တိုင်းပြည်ကိစ္စတွေကို တိုင်းရင်းသားအဖွဲ့တွေအားလုံးကသာ ဖြေရှင်းသွားရမှာဖြစ်တယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ကပြောကြောင်း သိရပါတယ်။  

ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရတို့ မြစ်ကြီးနားမြို့မှာ ကျင်းပနေတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့  ၁၀ ဖွဲ့က လေ့လာသူအဖြစ် တက်ရောက်နေတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။