မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွားအနီးမှာရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ကန့်ကွက်နေတဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုမှာ ရွားသားတွေ ဘက်က ရပ်တည်ခဲ့တဲ့ အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူဟာ တာဝန်က ရပ်ဆိုင်းခံလိုက်ရပါတယ်။
အောင်သပြေကျေးရွာအနီးက ဇရပ်မှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရွာသူရွာသားတွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှာ ရွာသားတွေဘက်က ရပ်တည်ခဲ့တာကြောင့် တာဝန်ကနေ ရပ်ဆိုင်းခံရတာဖြစ်နိုင်တယ်လို့ ကာယကံရှင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦး ကပြောပါတယ်။
"ပထမသူတို့ပြောတာက မြို့နယ်စီခန့်အဖွဲ့တွေနဲ့လာပြီးတော့ ဇရပ်ပေါ်မှာမနေဖို့ရှင်းပြမယ်။ ပြောမယ် ဆိုတော့ ကြိုပြီးခေါ်ခဲ့တယ်။ ရဲအင်းအားအလုံးအရင်းပါလာတော့ ရှင်းရုံမဟုတ်လောက်ဘူးဆိုတော့ ကျနော်ကလည်း နှင်လွှတ်တဲ့သဘောတွေပါတယ်။ တရားခံကိုဖမ်းတဲ့အခါ ကျနော်ကပိတ်ပင် သလိုဖြစ်တော့ အုပ်ချုပ်ရေးတာဝန်ကို မလိုက်နာဘူးဆိုပြီးတော့ တာဝန်ရပ်စဲတာလို့ထင်တယ်။"
အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦးကို ဇူလိုင်လ ၂၆ ရက်နေ့ မနေ့ကစပြီး တာဝန်က ရပ်ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။
လုပ်ငန်းတာဝန်တွေကို ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း အမိန့်ညွန်ကြားချက်တွေနဲ့ အညီ ဆောင်ရွက်ခြင်း ပုဒ်မ (ဂ) ပါ ပြဌာန်းချက်အရ၊ ဥပဒေနဲ့အညီပေးအပ်တဲ့ လုပ်ငန်းတာဝန်တွေ ကို ကျေပွန်အောင် ထမ်းဆောင်ခြင်းဆိုတဲ့ ဥပဒေပြဌန်းချက်နဲ့ မကိုက်ညီတဲ့အတွက် ရပ်နားလိုက်တာဖြစ်တယ်လို့ ဦးကျော်မျိုးဦးကို ပေးပို့တဲ့ အသိပေးအကြောင်းကြားစာထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးသုံးဘိလပ်စက်ရုံ တည်ဆောက်မှုကို ကန့်ကွက်နေတဲ့အတွက် အစိုးရအဖွဲ့နဲ့ ဒေသခံတွေအကြား တင်းမာမှုတွေ ဖြစ်ပွားနေပြီး ရွာသူရွားသားတချို့ တရားစွဲခံထားရသလို တချို့ကိုလည်း လမ်းတံတား ဥပဒေနဲ့ အရေးယူထားပါတယ်။
တာဝန်ကနေ ရပ်ဆိုင်းခံရတဲ့ ဦးကျော်မျိုးဦးဟာ ဒီ ၂၀၁၈ ခုနှစ် မတ်လမှာ အောင်သပြေ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ကို စတင်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။
