ဆိပ်ဖြူမှာ စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရ
2025.01.31

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး စီးနင်းနေတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ပြောပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့ကစလို့ ကျောက်ကြီး၊ ညောင်ဂွေး၀၊ တောင်ဖြူ (အရှေ့/အနောက်)၊ ရှားတော၊ ကူရှည်အလယ်စု စတဲ့ရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။
စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းနဲ့ ဝင်ရောက်လာတာဖြစ်ပြီး ညောင်ဂွေး၀ရွာဘက်ရောက်လာတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေတိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တိုက်ပွဲကတော့ ခဏပဲ ဖြစ်သွားတာ၊ နှစ်ဖက်ထိခိုက်မှုတော့မရှိပါဘူး။ သူတို့က အင်အား ခုနစ်ဆယ်လောက်ရှိမယ်။ ရှေ့ထွက် လေးဆယ်လောက်နဲ့ နောက်ချန် သုံးဆယ်လောက်နဲ့ စစ်ကြောင်းထိုးလာတာ"
နောက်ထပ် စစ်ကြောင်းတစ်ကြောင်းကတော့ ဆိပ်ဖြူမြို့နယ် အလယ်ပိုင်းမှာရှိတဲ့ ကူရှည်အလယ်စုရွာကို စီးနင်းမီးရှို့ခဲ့လို့ နေအိမ် လေးလုံးနဲ့ ကားတစ်စီး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်က RFA က ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်၊ ကင်မွန်းတောင့်ရွာကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ၅ နှစ်အရွယ် အမြွှာကလေးငယ်နှစ်ဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇန်နဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။