ရေဦးမှာ စစ်ကြောင်းဝင်လာတာကြောင့် ရွာရှစ်ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ရွာရှစ်ရွာက ဒေသခံသုံးထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အားရှစ်ဆယ်ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာတာကြောင့် ငြုပ်တုံ၊ မူးဆုံ၊ ကုန်းကြီး၊ ကုန်းတန်း၊ နှောကုန်း၊ ဇ၀၊ ရွာမိသာနဲ့ မုတ်စီရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ငြုပ်တုံရွာကတစ်ဆင့် မူးဆုံရွာနားကို ရောက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ငြုပ်တုံရွာကို အရင်ဝင်တယ်။ အခုငြုပ်တုံရွာကနေ အခုလက်ရှိ မူးဆုံရွာနားကို ရောက်နေတယ်ဗျ"

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၇ နာရီဝန်းကျင်ကလည်း ရေဦးမြို့နယ်အနောက်ခြမ်း ထန်းတောရွာကို ဝင်ရောက်ခဲ့ပြီး ပစ္စည်းအချို့ကို ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

ရေဦးမြို့ပေါ်မှာအခြေစိုက်တဲ့ အဲဒီစစ်ကြောင်းဟာ ရေဦးမြို့နယ်အနောက်ခြမ်းက ရွာတွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်း ဒုတိယအကြိမ်မြောက် စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ရွာတွေကို ဝင်ရောက်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ကော်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညကလည်း ရေဦးမြို့နယ်တောင်ဘက်အခြမ်း ကုက္ကိုစုရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီးနောက် ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကုလသမဂ္ဂလူ သားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ၂.၆ သန်းကျော်အထိ ရှိလာပါတယ်။