ကျောက်မီးသွေးစက်ရုံကို ဆန္ဒပြ


2016.03.25
coal-protest-620.jpg တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က မတ်လ ၂၅ ရက်နေ့ ဆန္ဒဖော်ထုတ်ကြစဉ်
Photo: Kyaw Lwin Oo/RFA

တနင်္သာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် သကျက်တောကျေးရွာမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ကန့်ကွက်ကြောင်း ဒေသခံ ၄ဝဝ လောက်က ဒီနေ့ ဆန္ဒပြကြပါတယ်။

ဒေသခံတွေရဲ့ သဘောထားမပါဘဲ လျှပ်စစ်ဝန်ကြီးဌာနက သဘောတူ လက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ အောက်ရေဖြူကျေးရွာသား ဦးမောင်အေးက ပြောပါတယ်။

"လျှပ်စစ်ဒုဝန်ကြီးက ၅ဝဝ မဂ္ဂါဝပ် ကျောက်မီးသွေးစက်ရုံကြီးဆောက်မှာကို ဒေသခံတွေ အကုန်လုံး ထောက်ခံကြတယ်ပေါ့လေ၊ ကျနော်တို့လည်း အရင်က ကန့်ကွက်ဆန္ဒပြခဲ့ဖူးပါတယ်၊ ဒါတွေထည့်မတွက်ဘဲနဲ့ ဒေသခံတွေရဲ့ဆန္ဒကို လုံးဝမျက်ကွယ်ပြုပြီးတော့ သဘောတူလက်မှတ်ရေးထိုးလိုက်တာကို မကျေနပ်လို့ ဆန္ဒပြတာပါ"

မဂ္ဂါဝပ် ၅ဝဝ ထွက်ရှိမယ့်စက်ရုံကို ရမ္မဇူကျေးရွာအနီးက မြေဧက ၈ဝဝ ကျော်မှာ ဆောက်လုပ်မှာဖြစ်ပြီး ပြည်တွင်း က 24 Hour Mining ကုမ္ပဏီနဲ့ ကိုရီးယားနိုင်ငံက ကုမ္ပဏီတစ်ခုတို့ တည်ဆောက်မှာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းကို ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလကလည်း ရမ္မဇူကျေးရွာအနီးမှာ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြ ခဲ့ကြပါတယ်။

လျှပ်စစ်ဝန်ကြီးဌာနနဲ့ ကုမ္ပဏီ ၂ ခုက တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒီနှစ်အတွင်းမှာ စတင်တည်ဆောက်မှာဖြစ်ပါတယ်။

ဆန္ဒပြပွဲမှာ ရမ္မဇူ၊ သကျက်တော၊ ညောင်ဇင်၊ အောက်ရေဖြူ၊ ကျောက်တွင်း၊ တောကျဲ၊ သဝင်၊ ကဒတ်ကြီး စတဲ့ ကျေးရွာတွေက ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။