ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ဘန့်ဘွေးကုန်း ကျေးရွာအုပ်စု ဘုရားလမ်းကျေးရွာမှာ တည်ဆောက်ထားတဲ့ HONG YUAN ဟုမ်ရွမ် အထည်ချုပ်စက်ရုံကြောင့် ပျက်စီးသွားတဲ့ ကျေးရွာလမ်းကို ပြန်လည်ပြုပြင်ပေးဖို့ ကျေးရွာသူ ကျေးရွာသားတွေက စက်ရုံရှေ့မှာ ဒီနေ့ဆန္ဒပြ တောင်းဆိုခဲ့ပါတယ်။
စက်ရုံကြောင့် လမ်းပျက်စီးတာကို အုပ်ချုပ်ရေးပိုင်းက ခေါ်ယူပြီး ပြင်ဆင်ပေးဖို့ အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် စက်ရုံက ဘာမှမလုပ်ပေးသလို အုပ်ချုပ်ရေးပိုင်းကို အသိပေးအကြောင်းကြားတာမရှိပဲ စက်ရုံတည်ဆောက်ထား တာဖြစ်ကြောင်း ဘုရားလမ်းကျေးရွာ ရာအိမ်မှူး ဦးစိန်ဝင်းက ပြောပါတယ်။
အထည်ချုပ်စက်ရုံကို ညဘက်တွေမှာပါ လည်ပတ်နေတာကြောင့် စက်သံတွေ အမြဲကြားနေရပြီး စက်ရုံအနီးက အိမ်တွေမှာ နေထိုင်သူတွေဟာ ညဘက်မှာ အိပ်မရတဲ့ အထိဖြစ်နေတယ်လို့ ကျေးရွာသူ ကျေးရွာသားတွေက ပြောပါတယ်။
ဆန္ဒပြပွဲအပြီးမှာတော့ စက်ရုံဘက်က တာဝန်ရှိသူတွေ ရောက်ရှိလာပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ညှိနှိုင်းဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။
ဟုမ်ရွမ်စက်ရုံက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးခိုင်စန်းက ကျေးရွာသူ ကျေးရွာသားတွေ လမ်းပြုပြင်ပေးဖို့ တောင်းဆိုတာကို စက်ရုံပိုင်ရှင်ဆီ ပြန်လည်တင်ပြပြီး တပတ်အတွင်း အကြောင်းပြန်ပေးမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ ညှိနှိုင်းပြောဆိုခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ကျေးရွာသူ ကျေးရွာသားတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေဟာ လမ်းမကောင်းတာကြောင့် သွားလာရေး အဆင်မပြေဖြစ်နေကြောင်း စက်ရုံတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲမှာ ဆန္ဒပြသူတွေက ပြောဆိုခဲ့ပါတယ်။
ဟုမ်ရွမ် အထည်ချုပ်စက်ရုံဟာ တည်ဆောက်ထားတာ ၆ လ လောက်ပဲရှိသေးပြီး တရုတ်လူမျိုးပိုင်စက်ရုံ ဖြစ်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။
