ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် တရားရုံးထဲက ရှေ့နေနားနေဆောင်အနီးမှာ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့ မနက် ၉ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီးနောက် ဒေသခံ ၂၀ ကျော် ဖမ်းဆီး ခံထားရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း စီစီတီဗီ ကင်မရာမှတ်တမ်းကို ပြန်ကြည့်ပြီး သံသယနဲ့ ဖမ်းဆီးခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"တရားရုံးဆိုတော့လည်း အမှုနဲ့ ဆိုင်တဲ့သူတွေ ဝင်ထွက်သွားလာတာရှိတာပေါ့။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ CCTV ကနေ ကြည့်ပြီး နေအိမ်တွေကို ဝင်ရှာဖမ်းတာ ၂၀ ကျော် ပါသွားတယ်။ အဖမ်းခံရတဲ့သူ အရေအတွက် အတိအကျပြောဖို့တော့ ခက်ပါတယ်"
ဗုံးပေါက်ကွဲပြီး နှစ်ရက်အတွင်း ရဲနဲ့ စစ်သားအင်အား ၂၀ ဝန်းကျင်က လက်နက် အပြည့်အစုံနဲ့ နေ့ရော ညပါ နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ တရားရုံးကို အမှုကိစ္စ အတွက် လာရောက်သူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။
သူတို့ကို ဝါးခယ်မမြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းစစ်ဆေးနေတာဖြစ်ပြီး မိသားစုဝင် တွေနဲ့လည်း အဆက်အသွယ်ပြတ်နေတယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
အဲဒီ ဗုံးပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကလည်း ဝါးခယ်မမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးမှာ မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံး တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။