KNU တပ်မဟာ ၁ နယ်မြေမှာ တိုက်ပွဲဖြစ်

2021.03.09
KNU တပ်မဟာ ၁ နယ်မြေမှာ တိုက်ပွဲဖြစ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်၊ မဲဝိုင်ရွာအနီးမှာ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထွက်ပြေးနေရတဲ့ ကရင်ရွာသားတွေကို တွေ့ရစဉ်
Photo: CJ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေမှာ တပ်နဲ့ KNU/ KNLA တပ်ကြား မတ်လ ၉ ရက်နေ့ ဒီနေ့မှာ တိုက်ပွဲဖြစ်နေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့် ကပြောပါတယ်။

KNU တပ်မဟာ (၁) နယ်မြေဖြစ်တဲ့ ဘားအံ၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေက နေရာ ၅ ခု လောက်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး အသေးစိတ်ကို အတိအကျမသိရသေးဘူးလို့ ပဒိုစောစိုးမြင့်က ပြောပါတယ်။

ဒေသခံတစ်ဦးက မတ်လ ၉ ရက်နေ့ မနက်အစောပိုင်းကစပြီး တပ်နဲ့ KNU ကြား တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိတိုက်ပွဲဖြစ်ပွားရာနေရာဟာ ကရင်ပြည်နယ်၊ ဒုံသမိချောင်း အရှေ့ဘက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ RFA ကို သတင်းပေးပို့လာပါတယ်။

တိုက်ပွဲဖြစ်ပွားရာအနီးက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

တပ်မဟာ ၁ နယ်မြေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးဆောင်ရွက်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ CDM လုပ်နေတဲ့ ဝန်ထမ်းတွေအပါအဝင် လူ ၅၀ ကျော်ကို ကူညီဆောင်ရွက်ပေးထားတယ်လို့ KNU ဘက်က ပြောပါတယ်။

KNU ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်မပြုကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးကို လက်တွဲဆောင်ရွက်သွားမယ် ဆိုပြီး ကြေညာထားတဲ့အဖွဲ့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။