အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းခြောက်သိန်းကျော် ရှိလာပြီလို့ ကုလထုတ်ပြန်

RFA Burmese
2024.01.12
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ နှစ်သန်းခြောက်သိန်းကျော် ရှိလာပြီလို့ ကုလထုတ်ပြန် တိုက်ပွဲကြောင့် လားရှိုးမြို့ပေါ်ကို ထွက်ပြေးခိုလှုံနေရသည့် ဒုက္ခသည်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဥ်။
Photo: RFA

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်ဟာ နှစ်သန်းခြောက်သိန်း ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီလ ၁၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်အသစ် ခြောက်သိန်းနှစ်သောင်းရှစ်ထောင်ခန့် ထပ်တိုးလာ တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက တိုက်ပွဲတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ၊ မြေမြှုပ်မိုင်းနဲ့ တရားလက် လွတ် ဖမ်းဆီးမှု၊ လမ်းပိတ်ဆို့မှုတွေ ဆက်ဖြစ်နေတာကြောင့် ပြည်သူတွေရဲ့ အသက်အန္တရာယ် ပိုများနေသလို၊ စားနပ်ရိက္ခာ သယ်ယူ ပို့ဆောင်တာရော၊ စစ်ဘေး ဒုက္ခသည်တွေ ခိုလှုံမယ့်နေစရာတွေပါ ပိတ်ပင်တားမြစ်ခံနေရတယ်လို့လည်း UNOCHA က ထောက်ပြထားပါတယ်။

စစ်ဘေး ဒုက္ခသည်တွေကို ကူညီဖို့ ခက်ခဲနေသလို၊ ရန်ပုံငွေနဲ့ ထောက်ပံ့မယ့် ဆေးဝါး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်း မလုံလောက်တာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း အကူအညီပေးရေး လုပ်သား ၁၄၂ ဦးထက်မနည်း ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတယ်လို့လည်း UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။