ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် လုံခံကျေးရွာနဲ့ ကုလားကွဲကျေးရွာအနီးမှာ သြဂုတ် ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲကြောင့် လုံခံ၊ ကုလားကွဲ၊ ကြံခင်း၊ နားဖားအပါအဝင် အနီးအနားကျေးရွာ ၆ ရွာကျော်က ရွာသား ၈၀၀ ၀န်းကျင် နီးစပ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒိုးပင်ကျေးရွာဘုန်းကြီးကျောင်းမှာ ဒေသခံ ၆၀၀ ဝန်းကျင်လောက် လာရောက်ခိုလှုံနေပြီး စားစရာနဲ့နေရာထိုင်ခင်းတွေ အရေးပေါ်လိုနေတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
"လူကများတော့ စားသောက်ရေးပိုင်းက အဓိကပေါ့၊ လိုအပ်ချက်တွေက အများကြီးရှိတယ်။ မနေ့က တော်တော်လေး အခြေအနေဆိုးခဲ့တာ။ လေယာဉ်နဲ့ပါ လာပစ်တော့ ပိုကြောက်ပြီးပြေးကြတာပေါ့"လို့ ဒုက္ခသည်တွေကို ကူညီနေတဲ့ ဒိုးပင်ကျေးရွာဒေသခံက ပြောပါတယ်။
တိုက်ပွဲဟာ မနက် ၈ နာရီထဲကနေစတင်ခဲ့ပြီး ညနေပိုင်းမှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်တဲ့ လုံခံကျေးရွာအနီးကို တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လာရောက်ပစ်ခတ်တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာလို့ ဆိုပါတယ်။
ကုလားကွဲရွာဟာ အိမ်ခြေ ၁၇၆ အိမ်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်ပါတယ်။ လုံခံရွာမှာ တော့ အိမ်ခြေ ၈၀ ဝန်းကျင်နဲ့ လူဦးရေ ၂၀၀ လောက် နေထိုင်ပါတယ်။ ကုလားကွဲရွာသား အများစုကတော့ ဟိုခိုကျေးရွာကို တိမ်းရှောင်နေကြပြီးလူဦးရေစာရင်း အတိအကျကိုတော့ ကောက်ယူနေဆဲဖြစ်တယ်လို့ ဒေသခံက ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းကလည်း နောင်ချိုမြို့နယ် ရတနာသိင်္ဂီကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ မန္တလေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊TNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲကြောင့် ရတနာသိင်္ဂီနဲ့ အနီးအနားကျေးရွာက ဒေသခံသုံးရာကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းမထုတ်ပြန်သေးပါဘူး။