မင်းတပ်မြို့က ကျောင်းဆရာ၊ ဆရာမတွေ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတိပေး

စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ မပါဝင်တဲ့ Non - CDM ကျောင်းဆရာ၊ ဆရာမတွေကို အရေးယူမှာဖြစ်သလို စစ်ကောင်စီ က ဖွင့်လှစ်တဲ့ကျောင်းတွေမှာလည်း ကျောင်းမအပ်ကြဖို့နဲ့ မလိုက်နာရင် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ ချင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့-CDF မင်းတပ် က ဇွန်လ ၃ ရက် နေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီယန္တရားကို လည်ပတ်စေတဲ့သူတွေကို အရေးယူမယ်လို့ဆိုလိုတာဖြစ်ကြောင်း CDF မင်းတပ်ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦး က RFA ကို ပြောပါတယ်။

"စစ်ကောင်စီကျောင်းပြန်ဖွင့်ဖို့ပါဝင်တာက ယန္တရားကို လည်ပတ်အောင်လုပ်ပေးတာ စစ်ကောင်စီနဲ့အတူတူ ရပ်တည်တယ်ဆိုတာ ပေါ်လွင်သွားပြီပေါ့နော်။ အခြေအနေ ကြောင့် တချို့က CDM မလုပ်ဘဲ ဒီအတိုင်းနေတာထက် ယန္တရားလည်ပတ်အောင် ကူညီတာက ရန်သူတွေလို့ သတ်မှတ်လို့ရပြီ"

တချို့ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ လုပ်နေတာ စစ်ဆေးတွေ့နေရကြောင်း CDF Mindat က စစ်ကောင်စီနဲ့ မပူးပေါင်းကြဖို့ သတိပေးထားပေမယ့်လည်း တချို့ဝန်ထမ်းတွေဟာ သတိပေးချက်ကို အလေးမထားဘဲ စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းနေကြတာကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ဘယ်လိုအရေးယူမှုမျိုး ဖြစ်လာနိုင်တယ်ဆိုတာကိုတော့ CDF မင်းတပ်က ရှင်းရှင်း လင်းလင်း ပြောထားတာ မရှိပါဘူး။

မင်းတပ်မြို့နယ်ထဲက စစ်ကောင်စီလက်အောက်ခံကျောင်းတွေမှာ ကျောင်းမအပ်ကြဖို့နဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တည်ထောင်ထားတဲ့ ပြည်သူ့စာသင်ကျောင်းတွေမှာသာ ကျောင်းအပ်နှံဖို့ မိဘတွေကိုလည်း CDF မင်းတပ်က တိုက်တွန်းထားပါတယ်။

မင်းတပ်မြို့နယ်မှာ မင်းတပ်မြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကြားကာလ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဥပဒေကို ပြဌာန်းထားပြီး ပြည်သူ့စာသင်ကျောင်းတွေကိုပါ ဖွင့်လှစ် ထားပါတယ်။