လွိုင်ကော်မှာ လက်နက်ကြီးကြောင့် တစ်ပတ်အတွင်း အရပ်သား တစ်ဦးသေ၊ ရှစ်ဦးဒဏ်ရာရ
2023.07.27

ကယားပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကနေ ၂၅ ရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါဝင် ရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဇူလိုင် ၂၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်မှာ လွိုင်လင်လေးမြို့အခြေစိုက် လွိုင်ကော် (ဒကစ) လက်အောက်ခံ ခမရ (၅၃၀) တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဝမ်ကုန်း ကျေးရွာကနေအိမ် တစ်လုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့လို့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး၊ ကလေးငယ်တစ်ဦး အပါဝင် မိသားစုဝင်လေးဦး ထိခိုက် ဒဏ်ရာရခဲ့ တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတာကြောင့် လွိုင်ကော်မြို့ ပဒါးညေးကျေးရွာ က အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့သလို ကုန်သားကျေးရွာမှာလည်း လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးနဲ့ အမျိုးသား တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ပဒါးညေးကျေးရွာနဲ့ ကုန်းသာကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကျည် တွေဟာ စစ်ကောင်စီ ဘယ်တပ်ရင်းတပ်ဖွဲ့ က ပစ်ခတ်လိုက်တယ်ဆို တာကိုတော့ KNDF ဘက်က ဖော်ပြထားတာမရှိပါဘူး။
ဒီကိစ္စအတွက် KNDF ပြန်ကြားရေးတာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။
လွိုင်ကော်မြို့အတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကူညီပေးလေ့ရှိတဲ့ ရွှေလွိုင်ကော်ပရဟိတ အသင်းဝင် တစ်ဦးကတော့ အခုရက်ပိုင်း လက်နက်ကြီးထိမှန်လို့ အကူအညီတောင်းသူတွေ ရှိပေမယ့် မြေပြင်တိုက်ပွဲ အခြေအနေနဲ့ နှစ်ဖက်တပ်ဖွဲ့တွေရဲ့ တားမြစ်ထားမှုတွေကြောင့် သွားရောက် မကူညီနိုင်ဘူးလို့ ပြောပါတယ်။
KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီရဲ့ ကယား ပြည်နယ် ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦး ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေ မယ့် ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ကယားပြည်နယ်အတွင်းမှာ အခုရက်ပိုင်း စစ်ကောင်စီက တပ်မ ၉၉၊ တပ်မ ၅၅ လက်အောက်ခံ တပ်ရင်း အင်အား တစ်ထောင်ဝန်းကျင်လောက်အထိ အသုံးပြုပြီး အင်အား တွေ ထပ်ဖြည့်နေတာကြောင့် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဖားဆောင်းမြို့နယ်တွေမှာ တိုက်ပွဲ တွေ နေ့စဉ်လိုလို ဖြစ်နေတယ်လို့ ကရင်နီ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အထူးသဖြင့် လွိုင်ကော်မြို့အဝင် စက်မှုဇုန် ဧရိယာ အနီးမှာ တိုက်ပွဲတွေ ရက်ဆက်ဆိုသလိုဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာ သိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကနေ ၂၀၂၃ ဇွန်လ ၃၀ ရက်နေ့အထိ တိုက်ပွဲ ပေါင်း ၇၂၉ ကြိမ်အထိ ဖြစ်ပွား ခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ် ခံရလို့ သေဆုံးခဲ့ရတဲ့ အရပ်သား ၁၀၀ ဝန်းကျင်အထိရှိခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ ဇွန်လအတွင်း ထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။