အစိုးရတပ်နဲ့ ရခိုင်အဖွဲ့ AA တို့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ရန်အောင်မြင်ကျေးရွာထဲကို ဒီနေ့ နေ့လယ်က လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးက RFA ကို ပြောပါတယ်။
လက်နက်ငယ်သံတွေကို ဦးဆုံးကြားရပြီးနောက် ကျေးရွာထဲက နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလက်နက်ကြီးကြောင့် နေအိမ်မှာရှိတဲ့ အသက် ၁၀ နှစ်နဲ့ ၁၈ နှစ်အရွယ် လူငယ်နှစ်ဦးမှာ ဦးခေါင်းနဲ့ ပခုံး၊ လက်တွေမှာ ထိခိုက်ဒဏ်ရာတွေရခဲ့တာဖြစ်ပြီး ညနေပိုင်းမှာ ကြိမ်ချောင်းဆေးရုံကနေတဆင့် မောင်တောဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။
အဲဒီလက်နက်ကြီးက ဘယ်သူပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဆိုတာကိုတော့ မသိရသေးဘူးလို့ ရန်အောင်မြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းနိုင်ဝင်းက ပြောပါတယ်။
ဒီအတောအတွင်း ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ဟာ တိုက်ပွဲတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးတရားစွဲဆိုခံရမှုတွေရှိနေတဲ့အတွက် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေး မှူးပေါင်း ၃၀ က မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ဒီကိစ္စအပေါ် တစ်စုံတစ်ရာပြေလည်မှုရအောင် အထက်ကိုတင်ပြပေး မယ်လို့ ပြောဆိုခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ သူတို့ရဲ့ကျေးရွာအနီးမှာ မမျှော်လင့်ဘဲ တိုက်ပွဲတွေဖြစ်လာလို့ရှိရင် ဖမ်းဆီးတရားစွဲ ဆိုခံရမှာကို စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အခုလကုန်အထိ တာဝန်ရှိသူတွေဘက်က တစ်စုံတစ်ရာအကာအကွယ် မရဘူးဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးပေါင်း ၃၀ လုံး နုတ်ထွက်ဖို့ဆုံးဖြတ်ထားတယ်လို့လည်း ပြောကြပါတယ်။
ဘူးသီးတောင်မြို့နယ် ပြင်ချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ရသေ့တောင်မြို့နယ် ရေကောင်းချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးတို့ဟာ အဲဒီရွာဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆို ခံထားရတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့လိုက်တာပါ။