လက်နက်ကြီးကျည်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံး

ရှမ်းပြည်နယ် နမ္မတူမြို့နယ် နားဆိုင်းကျေးရွာဘူတာရပ်ကွက်အတွင်းမှာ မနေ့က လက်နက်ကြီးကျည် ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦးက လားရှိုးဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ကလေးငယ်တွေဟာ အဲဒီလက်နက်ကြီးကျည်ကို တွေ့ပြီး ဆော့ကစားရာကနေ ပေါက်ကွဲတာဖြစ်နိုင်ကြောင်း နားဆိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျင်စုံမီ က ပြောပါတယ်။

"အရင်တုန်းက ကျထားတဲ့ဟာထင်တယ်။ အရင်တုန်းက ကျထားတာတွေကို သူတို့ ကလေးသုံးယောက်၊ တစ်ယောက်က ဝက်သွားကျွေးတာ၊ နှစ်ယောက်က သွားဆော့တာ ထင်တယ်။ ကျောက်ခဲနဲ့သွားပေါက်တာထင်တယ်၊ ကျောက်ခဲနဲ့ သွားပေါက်ဆော့လို့ ပေါက်ရင်းနဲ့ ကွဲသွားတာ"

အသက် ၇နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တာဖြစ်ပြီး အသက် ၉ နှစ် နဲ့ အသက် ၁၅ နှစ်အရွယ် နှစ်ဦးကို လားရှိုးဆေးရုံမှာ ပို့ဆောင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ရက်နေ့က နားဆိုင်းကျေးရွာအတွင်း တပ်မတော်၊ TNLA နဲ့ RCSS တပ်တွေ သုံးပွင့်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတဝိုက်မှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ကျေးရွာထဲကို လက်နက်ကြီးကျတာကြောင့် နေအိမ်တချို့ ပျက်စီးခဲ့ပြီး နားဆိုင်းကျေးရွာအုပ်စု နဲ့ လွယ်ပြေကျေးရွာက ဒေသခံတွေဟာ နမ္မတူမြို့ ဗုဗ္ဗာရုံကျောင်း၊ မန်စံကျေးရွာက ဘုန်းတော်ကြီးကျောင်းနှစ်ခုနဲ့ လားရှိုးမြို့ပေါ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာကနေ မကြာခင်ကမှ နေရပ်ပြန်သွားကြတာဖြစ်ပါတယ်။

ဒီကနေ့ မနက်က ကျောက်မဲ - သီပေါလမ်းပိုင်း ရေပူကျေးရွာအနီး မောင်ဖုန်းတောင် အဆင်းလမ်းမှာ နွားတင် လာတဲ့ ကုန်တင်ကားတစ်စီးပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်း သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး သီပေါမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို-ဂုတ်တွင်းလမ်းနဲ့ ကျောက်မဲ-သီပေါ-လားရှိုးလမ်းပိုင်းတွေမှာ နွားတင်တဲ့ ကားတွေ မကြာခဏပစ်ခတ်ခံနေရပြီး လူသေဆုံးမှုတွေ ရှိနေပါတယ်။