ကွတ်ခိုင်မှာ လက်နက်ကြီးထိမှန် တစ်ဦးသေ ခုနှစ်ဦး ဒဏ်ရာရ


2018.06.28
kutkai-622 ကွတ်ခိုင်မြို့အဝင်ဆိုင်းဘုတ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာတိုက်နယ် ဂျုံးနောရွာအတွင်းကို ဒီနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်ဆံတွေ ကျတာကြောင့် အသက်ရှစ်နှစ်အရွယ် ကျောင်းသား တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

အဲဒီရွာထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA ရှိတယ်ဆိုပြီး အစိုးရတပ်မတော် တပ်မ ၈၈ က ရွာအပြင်ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာအတွင်းက နေအိမ်တချို့ လက်နက်ကြီးကျည်ဆံ ထိမှန်ပြီး ရွာသားတွေ အခုလို ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရတဲ့သူတွေကို တပ်ဆေးရုံကိုပဲ ပို့ဆောင်ပေးတဲ့အတွက် အပြင်ကနေ သွားရောက်ကြည့်ရှု သတင်းမေးလို သူတွေ အဆင်မပြေဘူးလို့ ဒဏ်ရာရသူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။

''သူတို့ပြောပုံအရဆိုရင် ရွာထဲမှာဒီ TNLA တပ်ဖွဲ့တွေ ရှိတယ်ဆိုပြီး အဲလိုမိျုးပေါ့၊ အဲဒီလိုမျိုးဖြစ်တော့ ထိခိုက် ဒဏ်ရာရတဲ့သူ တစ်ယောက်ကတော့ ဆုံးသွားတာပေါ့နော်၊ အဲဒါဆို လက်ရှိလူနာတွေကို ဆေးရုံပို့မယ်ဆိုတော့ သူတို့စစ်တပ်ကပဲ အခု ကွတ်ခိုင်မြို့ပေါ်မှာရှိတဲ့ ဒီတပ်ရင်းလေးဆယ့်ငါးထဲမှာရှိတဲ့ စစ်ဆေးရုံကိုပို့လိုက်တာ၊ ပထမတစ်သုတ်က သုံးဦးပို့လိုက်တာ၊ နောက်တစ်သုတ်က သုံးဦး၊ ရောက်တော့မယ်လို့ ရွာထဲမှာရောက်နေတဲ့ အဲဒီ စစ်ကြောင်းမှူးတွေက ပြောတာ။ ဆုံးသွားတဲ့ ကလေးမိဘတွေလည်းပါတယ်၊ နှစ်ယောက်စလုံး ဒဏ်ရာရတယ်။ကျနော်တ့ိုက လူနာတွေကို အဲဒီလို စစ်ဆေးရုံကိုပို့လိုက်တော့ တခြားကနေ ကြည့်ရှုမေးမြန်း၊ အဲဒီလိုမျိုးလုပ်လ့ို မရတော့ပြန်ဘူး၊ ဘာဖြစ်လို့လဲဆို စစ်တပ်ထဲမှာကျတော့ တခြားပြင်ပလူတွေ ဝင်ရောက်ခွင့် ပိတ်ထားတာလေ"

ဒဏ်ရာရသူတွေကို တပ်မတော်စစ်ကြောင်းက ကျေးရွာဘုန်းကြီးကျောင်းမှာ ဆေးကုသပေးခဲ့ပြီး ကွတ်ခိုင်မြို့နယ် အတွင်းက စစ်ဆေးရုံကို ပို့ဆောင်ချိန်မှာ အသက်ရှစ်နှစ်အရွယ် ကျောင်းသားတစ်ဦး လမ်းမှာပဲ သေဆုံးသွားခဲ့ တယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။

TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ သူတို့တပ်ဖွဲ့တွေ အဲဒီကျေးရွာကနေ မနေ့ညပိုင်းက ထွက်ခွာသွားခဲ့တာဖြစ်ပြီး ဒီကနေ့မနက် ပစ်ခတ်ချိန်မှာ သူတို့တပ်တွေ ရွာထဲမှာရှိမနေဘူးလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

လက်နက်ကြီးထိမှန်လို့ ဆေးရုံကို ပို့ဆောင်ထားရသူတွေထဲမှာ အသက် ခုနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အမျိုးသမီး သုံးဦး၊ အမျိုးသား သုံးဦး ပါဝင်တယ်လို့ဆိုပါတယ်။

လက်ရှိ အဲဒီကျေးရွာထဲမှာ တပ်မတော်စစ်ကြောင်းတွေက နေရာယူထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်က ကျေးရွာတချို့မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့တွေ လှုပ်ရှားလေ့ရှိပြီး တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။