ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကြောင့် သုံးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ

RFA Burmese
2024.08.29
ရသေ့တောင်မြို့နယ်မှာ လက်နက်ကြီးကြောင့် သုံးဦး သေ၊ ခြောက်ဦး ဒဏ်ရာရ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ ဆိပ်ကမ်းအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်က ဆားပြင်ကြီးရွာကို သြဂုတ်လ ၂၈ ရက်နေ့ညပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ရေယာဉ်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သားသုံးဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

မေယုမြစ်ထဲမှာရှိနေတဲ့ စစ်ရေယာဉ်ပေါ်ကနေ ဆားပြင်ကြီးရွာကို လက်နက်ကြီးတစ်လုံး ပစ်ခဲ့တာဖြစ်ပြီး ဒေသခံတွေရဲ့နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကြောင့် ဒေသခံ သုံးဦး နေရာမှာတင် သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးကုပေးထားတယ်လို့ ရသေ့တောင် ဒေသခံ ဦးမောင်စောဝင်းက RFA ကို ပြောပါတယ်။

“မနေ့ည ၁၁ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီး တစ်လုံးကျတာ။ ရွာသားသုံးယောက် သေသွားတယ်။ ခြောက်ယောက်က ဒဏ်ရာရသွားတယ်။ မေယုမြစ်ထဲမှာ နေဗီ (Navy) တွေရှိတယ်။ အဲဒီကနေ ရွာထဲကို လက်နက်ကြီးနဲ့ လှမ်းပစ်တာပေါ့။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဖြစ်သလို ဆေးကုနေရတယ်”

သေဆုံး၊ ထိခိုက်သူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ လတ်တလော မသိရသေးဘူးလို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်မှာ စိုးရိမ်တာကြောင့် ခံစစ်အခိုင်အမာပြင်ဆင်ထားပြီး မေယုမြစ်ထဲမှာလည်း စစ်ရေယာဉ်တွေက စောင့်ကြည့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကလည်း ရသေ့တောင်မှာ တိုက်ပွဲပြင်းထန်ချိန် စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေအပြင် မေယုမြစ်ထဲမှာရှိတဲ့ စစ်ရေယာဉ်တွေကနေပါ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။

သြဂုတ်လ ၁၀ ရက်နေ့ကလည်း မြောက်ဦးမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ပြီး ဆယ်ယောက် ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။