စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် နတ်ကုန်းတောင်ရွာကို အောက်တိုဘာလ ၁၈ ရက်နေ့က စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် ရွာသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဝက်လက်ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက RFA ကိုပြောပါတယ်။
ဝက်လက်မြို့နယ် သာလိုင်းရွာမှာ မီးရထားလမ်းပိုင်းပြင်နေတာကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေဟာ အင်အား သုံးဆယ်ခန့်နဲ့ သာလိုင်းရွာရဲ့ မြောက်ဘက် တစ်မိုင်ခန့်သာဝေးတဲ့ နတ်ကုန်း (တောင်) ရွာကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။
ရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ရွာသားရှစ်ဦးကို ဘုန်းကြီးကျောင်းဝင်းထဲမှာ ဖမ်းဆီးခေါ်ဆောင်ကာ အဲဒီအထဲက အမျိုးသားနှစ်ဦး အသတ်ခံလိုက်ရတာလို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"ပစ်ပြီးဝင်လာတော့ တချို့ကပြေးတော့ မမိလိုက်ဘူး။ ဖမ်းခံရတာကတော့ အမျိုးသမီးတွေရော။ အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်။ ကျန်တဲ့ခြောက်ဦးကိုတော့ ပြန်လွှတ်လိုက်တယ်"
အသတ်ခံရသူတွေဟာ နတ်ကုန်း (တောင်) ရွာက အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့သူတွေထဲက အမျိုးသမီးတွေဆီကနေ လက်ဝတ်ရတာနာတွေ ယူဆောင်ခံလိုက်ရသလို ကျေးရွာအတွင်းနေအိမ်တွေကိုလည်း ဝင်ရောက်ရှာဖွေတာတွေ လုပ်သွားတယ်လို့ ပြောပါတယ်။
အိမ်ခြေ တစ်ရာဝန်းကျင်ရှိတဲ့ နတ်ကုန်း (တောင်) ရွာဘုန်းကြီးကျောင်းမှာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်က တပ်စွဲထားတာကြောင့် အနီးအနား နတ်ကုန်း (မြောက်) ရွာက ဒေသခံတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ဝက်လက်မြို့နယ်အတွင်းက ရထားသံလမ်းနဲ့ အနီးအနားက ရွာတွေကို ရိက္ခာရှာဖို့အတွက် အခုလိုမျိုး စစ်ကြောင်းထိုးတာတွေ လုပ်နေတာလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA ကဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဝက်လက်မြို့နယ်အတွင်းမှာ ရထားလမ်းလုံခြုံရေးကို အကြောင်းပြပြီး စစ်ကောင်စီတပ်က အင်အား နှစ်ရာခန့်နဲ့ ဩဂုတ်လ နောက်ဆုံးပတ်ကစလို့ စစ်ကြောင်း ခြောက်ခုနဲ့ နယ်မြေရှင်းလင်းရေး လုပ်နေတာကြောင့် ဒေသခံ တစ်သောင်းခွဲကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
