မော်လမြိုင်က WHO ဝန်ထမ်း ပစ်ခတ်ခံရလို့ သေဆုံး

မွန်ပြည်နယ် မော်လမြိုင်မြို့ သံလွင်ဥယျာဉ်အနီးက ဗိုလ်ချုပ်ရုပ်တုနားမှာ ဇွန်လ ၈ ရက်နေ့ မနေ့ညနေ ၅ နာရီ ၄၅ မိနစ်လောက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဝန်ထမ်းတစ်ဦး ဖြစ်သူ ဦးမျိုးမင်းထွဋ် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း WHO က ဇွန်လ ၉ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ဦးမျိုးမင်းထွဋ်ဟာ WHO မြန်မာရုံးမှာ ငါးနှစ်နီးပါး ကားဒရိုင်ဘာအဖြစ် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး မနေ့က ရုံးကနေ အိမ်ကို ဆိုင်ကယ်နဲ့အပြန်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ်ကို မသိရသေးသလို မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရကြောင်းလည်း WHO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (People Defense Organization Mawlamyine) ကတော့ ဦးမျိုးမင်းထွဋ်ကို ပစ်ခတ်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဇွန်လ ၈ ရက် မနေ့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ထုတ်ပြန်ပါတယ်။

ဦးမျိုးမင်းထွဋ်ဟာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဧည့်စာရင်းစစ်ဆေးမှုတွေမှာ ဦးဆောင်ပါဝင်တတ်ပြီး CDM ဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေအပေါ် ခြိမ်းခြောက်မှုတွေ အပြင် စစ်ကောင်စီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဆွေမျိုးတော်စပ်မှုရှိတာကြောင့် ကျည်ငါးတောင့်နဲ့ ပစ်ခတ်ခဲ့တာလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ RFA အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ ယာယီ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan ကလည်း ကုလသမဂ္ဂဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံရမှုအပေါ် ရှုတ်ချကြောင်း ဇွန်လ ၉ ရက် ဒီနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။

"ကုလသမဂ္ဂနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဘက်မလိုက်မှုတွေကို လေးစားလိုက်နာဖို့ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်သူအားလုံးကို ပန်ကြားထားပါတယ်။ အရပ်သားတွေရဲ့ အခွင့်အရေးနဲ့ ဘေးကင်းရေးကို ကာကွယ်ဖို့နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုများကို ပြင်းပြင်းထန်ထန် ရှုတ်ချဖို့ ထပ်မံတောင်းဆိုပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ ကျူးလွန်သူတွေအနေနဲ့ လည်း တာဝန်ခံမှုရှိဖို့ ကုလသမဂ္ဂက မျှော်လင့်ပါတယ်" လို့ Mr. Ramanathan Balakrishnan က ပြောပါတယ်။

ကယားပြည်နယ်မှာလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ်၊ မိုဆိုရွာ အနီးမှာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် Save The Children ဝန်ထမ်းနှစ်ဦး အပါအဝင် ၃၅ ဦး သေဆုံးခဲ့ပါတယ်။