မြို့တွေအသိမ်းခံရမှု စစ်ကောင်စီခေါင်းဆောင်ကို ဦးဝီရသူ ဝေဖန်
2024.08.09
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလှူအတန်းရက်ရောကာ တစ်မြို့ပြီး တစ်မြို့ လှူနေတာကြောင့် ပြန်တိုက်သင့် မတိုက်သင့် ပြတ်ပြတ်သားသားမေးဖို့လိုအပ်နေပြီလို့ အမျိုးသားရေး လှုပ်ရှားတဲ့ ဆရာတော် ဦးဝီရသူ က ပြောလိုက်ပါတယ်။
ဩဂုတ် ၈ ရက်နေ့မှာ တယ်လီဂရမ်တွေကနေ ဖြန့်ဝေနေတဲ့ ဦးဝီရသူရဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှု တရားတော် ခေါင်းစဉ်နဲ့ ဗီဒီယိုဖိုင်မှာ ပြောကြားထားတာ ဖြစ်ပါတယ်။
စစ်တိုင်းမှူးတွေက အမိန့်နာခံမှု သစ္စာစောင့်သိမှုနဲ့ ပြန်တိုက်နေပေမဲ့ တကယ်တိုက်တဲ့အခါကျမှ စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာဆို သေတွင်းထဲပို့တာပဲလို့လည်း ဆရာတော် ဦးဝီရသူ က ဆိုပါတယ်။
“ခင်ဗျားတို့အဘကို သေသေချာချာ ပြတ်ပြတ်သားသားမေး၊ အဘ ဒီမြို့ရော လှူမဲ့စာရင်းထဲပါသေးလား၊ ပါတယ်ဆိုရင် ကျွန်တော်တို့ ကြည်ကြည်ဖြူဖြူလှူလိုက်ပါ့မယ်၊ ကျွန်တော်တို့ ခုခံကကွယ်နေတာက အဘရဲ့ အလှူဒါနကို အနှောင့်အယှက်ဖြစ်သလိုမျိုး ကြန့်ကြာအောင် ဆွဲထားသလိုဖြစ်နေတယ်၊ ကျွန်တော်တို့လည်း အကုသိုလ်ဖြစ်နေတယ်၊ အဘရဲ့အလှူဒါနမြောက်အောင်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကောင်းမှုဆိုတဲ့ ကမ္ဗည်းလေးထိုးပါရစေဗျာ၊ အလံဖြူထောင်မယ့်အစား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကောင်းမှုဆိုတာလေးကို တပ်ပြီးတော့ ကျွန်တော်တို့ စွန့်ခွာပေးပါ့မယ်၊ အဲလိုပြတ်ပြတ်သားသားမေး"
အဲလိုမေးလို့ အဖြေရခဲ့ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရှမ်းပြည်နယ်မြောက်ပိုင်း လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှူကြောင့် ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် နိဗ္ဗာန်သို့ အမြန်ရောက်ရှိပါစေလို့ ဆုတောင်းပြီးတော့ ရေစက်ချပေးမယ်လို့လည်း ဆရာတော် ဦးဝီရသူက ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေအတွက် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးနဲ့ ကျောက်မဲအခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အခုလဆန်းပိုင်းမှာ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေ၊ လူမှုကွန်ရက်တွေမှာလည်း ဆရာတော် ဦးဝီရသူရဲ့ တရားကို ထောက်ခံရေးသားနေကြပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ရေးသားနေကြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက အာဏာသိမ်း စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်ဟောင်းတွေ၊ စစ်ကောင်စီမှာ တာဝန်ထမ်းဆောင်နေသူတွေ အပါအဝင် အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ နယ်ပယ်စုံကပုဂ္ဂိုလ်တွေကို လွတ်လပ်ရေးနေ့အကြို ဂုဏ်ထူးဆောင်ဘွဲ့တွေ ပေးအပ်ခဲ့ရာမှာ ဆရာတော် ဦးဝီရသူလည်း ပါဝင်ခဲ့ပါတယ်။