ဇူလိုင်လအတွင်း အမျိုးသမီး ၆၃ ဦး သတ်ဖြတ်ခံရကြောင်း BWU ပြော

RFA Burmese
2024.08.07
ဇူလိုင်လအတွင်း အမျိုးသမီး ၆၃ ဦး သတ်ဖြတ်ခံရကြောင်း BWU ပြော စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - အညာပစ်တိုင်းထောင်လေးများ

၂၀၂၄ ခုနှစ် ဇူလိုင်လ တစ်လအတွင်းမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၃ ဦး သေဆုံးပြီး ၄၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့်သေဆုံးသူက ၄၂ ဦးနဲ့ အများဆုံးပါဝင်ပြီး တိုက်ပွဲအတွင်း ကျည်ထိမှန်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ၊ မီးရှို့သတ်ဖြတ်ခံရတာ စတဲ့ အကြောင်းအရာတွေနဲ့ သေဆုံးခဲ့ရသူတွေလည်း ပါဝင်ပါတယ်။

ဇူလိုင်လအတွင်း သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်က ၂၂ ဦးနဲ့ အများဆုံး ပါဝင်ပြီး မန္တလေးတိုင်းက ၁၇ ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့ အချက်လက်တွေကို စုစည်းကောက်ယူထားတာလို့ BWU က ပြောပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာတော့ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး ၆၇ ဦးဆုံးပြီး ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ BWU ရဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလတွင်း အမျိုးသမီး ၅၆၁၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၄၀၆၆ ဦးက ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။