အမျိုးသမီးတွေအတွက် လူမှောင်ခိုအန္တရာယ်အများဆုံး သုံးနိုင်ငံ


2018.06.26
trafficking-poster-622 လူကုန်ကူးမှုတားဆီးရေး အသိပညာပေးပိုစတာ။
Photo: RFA

အိန္ဒိယ၊ လစ်ဗျားနဲ့ မြန်မာနိုင်ငံတွေဟာ လူမှောင်ခိုကူးသူတွေက အမျိုးသမီးတွေကို ဖျားယောင်းသွေးဆောင် ခေါ်ယူအသုံးချနိုင်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံး သုံးနိုင်ငံဖြစ်တယ်လို့ အမျိုးသမီးရေးရာ ကျွမ်းကျင်သူတွေရဲ့ ဒီနေ့ထုတ်ပြန်တဲ့ စစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

သွန်ဆင်ရိုက်တာဖောင်ဒေးရှင်းက အမျိုးသမီးရေးရာ ကမ္ဘာ့ကျွမ်းကျင်သူ ၅၅ဝ လောက်ကို မေးမြန်းပြီး၊ အမျိုးသမီးတွေအပေါ် လူမှောင်ခိုကူးမှု အဆိုးဝါးဆုံး နိုင်ငံတွေကို စစ်တမ်းကောက်ယူရာမှာ အိန္ဒိယ၊ လစ်ဗျားနဲ့ မြန်မာပြီးရင် နိုက်ဂျီးရီးယားနဲ့ ရုရှားနိုင်ငံတွေက စတုတ္ထအဆိုးဝါးဆုံးနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနိုင်ငံတွေမှာ အမျိုးသမီးတွေဟာ လူမှောင်ခိုကူးသူတွေရဲ့ သွေးဆောင်ဖျားယောင်း ဖျက်ဆီးခံကြရပြီး အတင်းအကြပ် လက်ထပ်ရတာ၊ အလုပ်လုပ်ရတာ၊ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရတာတွေရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့လူမှောင်ခိုအကူးခံရတဲ့ လူ ၁ဝ ယောက်မှာ ၇ ယောက်ဟာ အမျိုးသမီးနဲ့မိန်းကလေးတွေဖြစ်ပြီး၊ ကမ္ဘာတလွှား လူပေါင်းသန်း ၄ဝ လောက်အထိ ပတ်သက်ခံစားနေရပြီး၊ ဒီလူမှောင်ခိုကူးခံရသူတွေ လုပ်ကိုင်နေရတဲ့လုပ်ငန်းတွေကြောင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ဝ ဘီလီလျံအထိ အကျိုးအမြတ်ရနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ လူမှောင်ခိုကူးခံရပြီး တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် အတင်းအကြပ် ရောင်းချခံနေရကြောင်း၊ တရုတ်နိုင်ငံဟာ လူမှောင်ခိုကူးသူတွေရဲ့ နောက်ဆုံးပို့ဆောင်ရာနိုင်ငံ ဖြစ်ပြီး၊ ၂ဝ၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံက လူမှောင်ခိုကူးမှု ၃ဝ၇ မှုမှာ ၃ ပုံ ၂ ပုံဟာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာကြောင့် မိန်းကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ လူမှောင်ခိုကူးသူတွေရဲ့သားကောင် ဖြစ်ရပြီး တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံနေရတယ်လို့လည်း ဒီစစ်တမ်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။