ရခိုင် စာရေးဆရာ ဝေဟင်အောင်ကို ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၃၃ နှစ်မြောက် ရခိုင် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်းနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲမှာ ဟောပြောခဲ့တာကြောင့် စာရေးဆရာ ဝေဟင်အောင် ကို စစ်တွေမြို့မရဲစခန်းက မနေ့က လာရောက် ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်ထားပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ စစ်တွေထောင်ကို ပို့ဆောင်လိုက်ပြီလို့ သိရကြောင်း စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ဦးလေးဖြစ်သူ ဦးမောင်စံလှ က RFA ကို ပြောပါတယ်။

"တနင်္လာနေ့က ရသေ့တောင်မှာ စာပေဟောပြောပွဲ သွားပြောတာ၊ ဒီကိစ္စနဲ့ ဖမ်းတယ်လို့ ပြောတာပဲ၊ ကျန်တဲ့ဟာတွေကတော့ ရေရေလည်လည်တော့ မသိရသေးဘူး၊ ဖမ်းပြီးတော့ စစ်တွေ ခရိုင်ရုံးကို ယူသွားတာပဲ၊ ခရိုင်ရုံးမှာ စစ်ဆေးပြီးတော့မှ အမှတ် ၁ ရဲစခန်းကို ပြန်ပြီးပို့ပေးတာ၊ အခု ၁၀ နာရီခွဲ ကနေ စစ်တွေထောင်ကို ပို့လိုက်ပြီလို့ ကြားတယ်၊ ပုဒ်မက ၁၇ (၁) ရယ်၊ ပုဒ်မ ၅၀၅ ခ ရယ် ၂ ခုတပ်တယ်လို့ ကြားတယ်"

ကိုဝေဟင်အောင်ကို ရသေ့တောင်မြို့နယ် ရဲစခန်းဘက်က တရားလိုလုပ်ပြီး တရားစွဲဆိုထားတာ ဖြစ်တယ်လို့ ကြားသိရတယ်လို့ ပြောပါတယ်။

စာရေးဆရာ ကိုဝေဟင်အောင်ဟာ ရသေ့တောင်မြို့က စာပေဟောပြောပွဲမှာ " လလည်းကွယ် ပြည်လည်းဆုံး " ခေါင်းစဉ်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ အတူ ဟောပြောခဲ့တာ ဖြစ်ပါတယ်။

ကိုဝေဟင်အောင်က အဲဒီဟောပြောပွဲမှာ ရခိုင်ဘာသာစကားနဲ့ ဟောပြောခဲ့တာ ဖြစ်ပြီး ရခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိအောင် တော်လှန်ဖို့ ထည့်သွင်း ဟောပြောခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တွေမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သူနေထိုင်ရာ စစ်တွေမြို့၊ ကျေးပင်ရပ်ကွက်နေအိမ်မှာ မနေ့ညနေပိုင်း က လာရောက်ဖမ်းဆီးသွားတာလည်း ဖြစ်ပါတယ်။

ကိုဝေဟင်အောင်ဟာ စာရေးဆရာတစ်ဦးဖြစ်သလို ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။