နိုင်ငံတစ်ဝန်းက နည်းမျိုးစုံနဲ့ စုထားတဲ့လူငယ်တွေကို စစ်သင်တန်းပေးဖို့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပို့ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အသက် ၂၀ ကနေ ၃၀ ကျော်ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်ပြီး၊ လူဦးရေ ရာနဲ့ချီတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက ပြောပါတယ်။
“ရဲကျောင်း (အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း) ထဲမှာ စစ်သင်တန်းတက်ဖို့ရောက်နေတဲ့ လူငယ်တွေ နှစ်ရာကနေ သုံးရာလောက်ရှိတယ်။ သူတို့ကို ရဲကျောင်းထဲက အဆောင်တွေမှာပဲထားပြီး၊ အပြင်တောင်ထွက်ခွင့်မရဘူး”
မတ်လ ၁ ရက်နေ့ကစပြီး မတ်လ ၆ ရက်နေ့အထိ အဲဒီကျောင်းပတ်ဝန်းကျင်မှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း နောက်ထပ် ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။
“ပုံမှန် ရဲတပ်သားအသစ်တွေ သင်တန်းစတက်ရတဲ့အချိန်မျိုး မဟုတ်ဘူး၊ လမ်းကဖြတ်သွားဖြတ်လာတွေကိုလည်း စစ်ဆေးတာတွေရှိတယ်”
ရမည်းသင်း အမှတ် (၁) ရဲလေ့ကျင့်ရေးသင်တန်းကျောင်းနားမှာ အကျဉ်းဦးစီးဌာနနဲ့ တပ်တွင်း (အမက) စာသင်ကျောင်းရှိပါတယ်။ အခုလိုလူငယ်တွေစစ်သင်တန်းတက်ရတော့မယ်ဆိုတဲ့အတွက် တချို့ ကျောင်းသားမိဘတွေလည်း ဒီသတင်းကြားပြီး စိုးရိမ်ပူပန်နေကြတယ်လို့ သူကပြောပါတယ်။
နိုင်ငံတစ်ဝန်းကလူငယ်တွေ စစ်သင်တန်းပေးဖို့ ရမည်းသင်းမြို့ကိုရောက်ရှိနေပြီဆိုတဲ့သတင်းဟာ သတင်းမှားပဲဖြစ်တယ်လို့ မတ်လ ၆ ရက်နေ့ထုတ် စစ်ကောင်စီ လက်အောက်ခံသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
အဲဒီရဲသင်တန်းကျောင်းကိုရောက်နေတဲ့လူငယ်တွေဟာ နိုင်ငံတစ်ဝန်းက ပေါ်တာဆွဲခံရတဲ့သူတွေလို့ ပြည်တွင်းသတင်းဌာနတချို့မှာ ရေးသားဖော်ပြနေပြီး၊ RFA အနေနဲ့တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေ ကြေညာပြီးတဲ့နောက် နိုင်ငံတစ်ဝန်းမှာ ပေါ်တာဆွဲဖမ်းဆီးခံရတာတွေအပြင်၊ လူပျောက်သတင်းတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ဆက်တိုက်ဆိုသလို တွေ့မြင်နေရပါတယ်။