ရန်ကုန်မှာ တစ်ပတ်အတွင်း ဝမ်းရောဂါကူးစက်ခံရသူ ငါးရာကျော်လာ
2024.07.13
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဇူလိုင် ၆ ရက်နေ့ကနေ ၁၂ ရက်နေ့ မနေ့ကအထိ ဆေးရုံတက်ကုသရသူ လူနာ ၅၃၄ ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နေ့စဥ်ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ဇူလိုင်လ ၁၂ ရက် မနေ့က တစ်ရက်တည်းမှာတင် ဝမ်းရောဂါလူနာသစ် ၁၀၄ ဦးအထိ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရောဂါထိန်းချုပ်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ပြောဆိုထားပြီး ဝမ်းရောဂါ ဖြစ်သူတွေထဲက ၃၆၄ ဦး ဆေးရုံဆင်းသွားပြီလို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ဝမ်းရောဂါအဖြစ်များတဲ့ မြို့နယ်တွေအပြင် ရန်ကုန်တိုင်းက မြို့နယ်အားလုံးနီးပါးမှာ ဝမ်းရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက လုပ်ဆောင်နေကြတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဝမ်းရောဂါ အစုလိုက်အပြုံလိုက် ကူးစက်မှုဟာ သာကေတနဲ့ ဒေါပုံမြို့နယ်တွေမှာ ဇူလိုင်လဆန်းပိုင်းက စတင်ခဲ့တာပါ။
ရန်ကုန်မြို့မှာ ဝမ်းရောဂါစတင်ဖြစ်ပွားတဲ့ ဇူလိုင်လ ပထမပတ်အတွင်းမှာ ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိရှိခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
ဒါပေမဲ့ စစ်ကောင်စီကတော့ ဝမ်းရောဂါကြောင့် သေဆုံးသူ မရှိဘူးလို့ နိုင်ငံပိုင် သတင်းမီဒီယာတွေကနေတစ်ဆင့် ပြောဆိုထားပါတယ်။