ရန်ကုန်မှာ ဝမ်းရောဂါကြောင့် တစ်ရက်အတွင်း လူ လေးဆယ်ကျော် ဆေးရုံတက်ရ

RFA Burmese
2024.07.07
ရန်ကုန်မှာ ဝမ်းရောဂါကြောင့် တစ်ရက်အတွင်း လူ လေးဆယ်ကျော် ဆေးရုံတက်ရ သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည့် လူနာတစ်ဦးကို လူမှုကူညီရေးအသင်းမှ ဆေးခန်းသို့ ပို့ဆောင်ရန် ကူညီနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Facebook/သင်္ခါရဝိမုတ္တိလူမှုကူညီရေးအသင်း

ရန်ကုန်တိုင်းအတွင်းက ဆေးရုံတွေမှာ ဇူလိုင်လ ၇ ရက် မနေ့ကတစ်ရက်တည်းမှာတင် ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်ကုသရသူ လူနာသစ် ၄၄ ဦးအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီအထဲမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ နှစ်ဦးနဲ့ သာမန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ ၄၂ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ဆေးကုနေပြီး ရောဂါထိန်းချုပ်ဖို့အတွက်လည်း ကြိုးစားနေတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ကတော့ ဆေးရုံတက်ကုသရတဲ့ ဝမ်းပျက်ဝမ်းလျှောလူနာ ၆၃ ဦးအထိ ရှိတာကြောင့် လူနာအရေအတွက် လျော့လာတယ်လို့လည်း ဆိုပါတယ်။

လူသေဆုံးမှုတွေအထိ ရှိခဲ့တဲ့ ဝမ်းရောဂါဖြစ်ပွားမှုဟာ ဇူလိုင်လဆန်းပိုင်းကတည်းက စတင်ခဲ့တာဖြစ်ပြီး အခုတစ်ပတ်အတွင်း ဝမ်းရောဂါဖြစ်သူ စုစုပေါင်းအရေအတွက်ကိုတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြောထားတာ မရှိပါဘူး။

ရန်ကုန်တိုင်း သာကေတမြို့နယ်မှာတော့ ဇူလိုင်လ ၂ ရက်နေ့ကနေ ၆ ရက်နေ့အတွင်း ဝမ်းရောဂါကြောင့် သေဆုံးသူ ငါးဦးအထိ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

လက်ရှိမှာ သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေက လမ်းဘေးအစားအသောက်ရောင်းတဲ့ ဆိုင်အားလုံးကို အာဏာပိုင်တွေက ပိတ်ခိုင်းထားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“လမ်းဘေးမှာရောင်းတဲ့ လက်သုပ်ဆိုင်တို့၊ မုန့်ဟင်းခါးဆိုင်တို့ အဲဒီလိုဆိုင်မျိုးတွေ မဖွင့်ခိုင်းထားဘူး။ ပြီးတော့ ရပ်ကွက်ထဲမှာလည်း သူတို့ အသံချဲ့စက်တွေနဲ့ လိုက်အော်နေတယ်။ ဈေးတွေမှာလည်း စည်ပင်နဲ့ ကျန်းမာရေးအဖွဲ့စုံနဲ့ လိုက်စစ်နေတာတွေ့တယ်”

ဒီရက်ပိုင်းအတွင်းမှာတော့ ရန်ကုန်တိုင်း သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်နဲ့ ဗိုလ်တထောင်မြို့နယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောကူးစက်ခံရသူတွေ များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။