စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူတာကို ဆန့်ကျင်ကြဖို့ ရန်ကုန်သပိတ်အင်အားစု တိုက်တွန်း
2024.09.26
မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေ စစ်ဘေး၊ ရေဘေးစတဲ့ ဘေးအန္တရာယ် အမျိုးမျိုးနဲ့ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူရေး ကြိုးပမ်းနေတာကို နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ ပြည်သူလူထုကို ရန်ကုန်အခြေစိုက် လူထုသပိတ်အစုအဖွဲ့တွေက စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ကြိုးစားနေတာဟာ အာဏာတည်မြဲရေးနဲ့ လူထုရဲ့ တော်လှန်အုံကြွတာတွေကို ဖိနှိပ်နိုင်ဖို့သာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် သပိတ်ရဲဘော်တစ်ဦးဖြစ်တဲ့ ကိုစောညိမ်းက ဆိုပါတယ်။
“သန်းခေါင်စာရင်းအကြောင်းပြပြီး လူထုရဲ့ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းဖို့ ကြံတာပါ။ ပြီးရင် ဒီအချက်အလက်တွေကို မတရား စစ်မှုထမ်းကောက်ယူတဲ့နေရာတွေ၊ စစ်အသုံးစရိတ်အတွက် လူထုရဲ့ပိုင်ဆိုင်မှုတွေကို ထိပါးတာမျိုးတွေ၊ မြို့ပြမှာ ခိုအောင်းနေကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဖော်ထုတ်ဖြိုခွဲတာတွေ ဒီလိုနေရာတွေမှာ အသုံးပြုနိုင်ပါတယ်၊ ဒါကြောင့် စကစရဲ့ သန်းခေါင်စာရင်းကို လူထုအားနဲ့ မဖြစ်မနေ ဆန့်ကျင်ဖို့ လိုအပ်တာပါ”
သန်းခေါင်စာရင်းကို စစ်ကောင်စီက ကျင်းပမယ့် ဟန်ပြရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာသာဖြစ်ပြီး စစ်မှုထမ်းနိုင်တဲ့ လူငယ်အရေအတွက်၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကြတဲ့ ကျောင်းသားလူငယ်တွေ အပါအဝင် ပြည်သူ့ဝန်ထမ်းတွေရဲ့ အခြေအနေ၊ မြို့ပြသပိတ်ရဲဘော်တွေ၊ တော်လှန်ရေးအင်အားစုတွေရဲ့ အချက်အလက်ကို ရှာဖွေဖော်ထုတ်ဖို့ ကြံစည်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ပြည်သူလူထုအနေနဲ့ သန်းခေါင်စာရင်းကောက်ယူနေတာတွေကို မပူးပေါင်းဖို့နဲ့ လုပ်ငန်းစဉ်တွေကို ပျက်ပြားအောင် ဆောင်ရွက်ဖို့၊ ပါဝင်သူတွေကို လူမှုရေးပြစ်ဒဏ်ပေးဖို့၊ အချက်အလက်တွေကို လွဲမှားပြီး ဖြေဆိုဖို့အပါအဝင် ပြည်သူလူထုအနေနဲ့ တော်လှန်ရေးရဲဘော်တွေကို အကာအကွယ်ပေးဖို့ သပိတ်အင်အားစုတွေက ဆိုပါတယ်။
သန်းခေါင်စာရင်းကောက်ယူရာမှာ ပါဝင်မယ့် အုပ်ချုပ်ရေးဝန်ထမ်းတွေအနေနဲ့ သန်းခေါင်စာရင်းလုပ်ငန်းတွေကို နှောင့်နှေးအောင် အချက်အလက်မှားယွင်းတာတွေ ပြုလုပ်ပြီး ပြည်သူလူထုနဲ့အတူ ရပ်တည်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကောင်စီ ကြိုးပမ်းဆောင်ရွက်နေတာတွေကို ပြည်သူလူထုနဲ့အတူ တော်လှန်ရေးအင်အားစုတွေ၊ လူထုဘက်သားဝန်ထမ်းတွေရဲ့ စုပေါင်းအားနဲ့ အတူတကွ ဆန့်ကျင်ဖြိုဖျက်ကြဖို့ လူထုသပိတ်အင်အားစုတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒီသန်းခေါင်စာရင်းကောက်ယူတာဟာ အာဏာတည်မြဲရေးနဲ့ လူထုရဲ့တော်လှန်အုံကြွတာတွေကို ဖိနှိပ်နိုင်ဖို့သာဖြစ်တယ်လို့ ထုတ်ပြန်ချက်ပါ အချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ သဘောထားသိရဖို့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ရွေးကောက်ပွဲကျင်းပဖို့အတွက်ဆိုပြီး လာမယ့် အောက်တိုဘာလ ၁ ရက်နေ့ကစပြီး သန်းခေါင်စာရင်း စတင်ကောက်ယူမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။