မိုးရွာမှုကြောင့် ရာဇာမင်း ဘတ်စ်ကား တိမ်းမှောက်ရတာလို့ ရဲမှူးကြီးပြောကြား

မနေ့ည ၇ နာရီလောက်က နေပြည်တော်- ရန်ကုန် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၉၇ မှာ တိမ်းမှောက်ခဲ့တဲ့ "ရာဇာမင်း" ခရီးသည်တင် ဘတ်စ်ကားဟာ မိုးရွာနေ တာကြောင့် မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရတာ လို့ အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်းက သတင်းထောက်တွေကို ဒီနေ့ ပြောပါတယ်။
ရာဇာမင်း ခရီးသည်တင်ဘတ်စ်ကား တိမ်းမှောက်မှုဖြစ် စဉ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ တွေ့ရှိချက်ကို ရဲမှူးကြီး ဦးနေဝင်းက အခုလို ပြောပါတယ်။
"အခင်းဖြစ်တဲ့အချိန်မှာ မိုးကတော်တော် သဲသဲမဲမဲရွာ တယ်၊ ပြောရရင်တော့ ၈ဝ လောက်မောင်းတဲ့ကားက ၄ဝ လောက်ပဲ မောင်းလို့ရတဲ့ အနေအထားဖြစ်တယ်၊ သူမောင်းတဲ့နှုန်းက သတ်မှတ်ကီလိုမီတာထက် မကျော်သော်လည်းပဲ နည်းနည်းလေးတော့ ၇ဝ၊ ၈ဝ လောက်တော့ မောင်းလာပုံရတယ်၊ အဲဒါနဲ့ ဝိုက်ဘာက ကောင်းကောင်းရေမခွဲနိုင်တဲ့ ပုံစံမျိုးလေးဖြစ်မယ်လို့ ယူဆတယ်၊ ယာဉ်မောင်းက အရက်သောက်ထားတာ လုံးဝမတွေ့ဘူး၊ တစ်ဖာလုံလောက်ကတည်းက လမ်းရဲ့ညာဘက်ခြမ်း ဘီးနှစ်ဘီးစလုံးကရောက်သွားတယ်၊ မိုင်တိုင် ၁၉၇/၆ က တုံးတစ်တုံးကို ဝင်တိုက်တယ်၊ ပြီးရင်တံတားမှာရှိတဲ့ လက်တန်းရော အောက်ထဲမကျအောင်ကာထားတဲ့ တုံးတွေရော ဘားဘုတ်တိုင်တွေရော အကုန်ဆက်တိုက်ပြီးတော့ အောက်ဆင်းသွားတာ ပေ ၁၅ဝ လောက်အကွာမှာ ၄၅ ဒီဂရီစောင်းပြီး တုံးလုံးလဲတာပေါ့နော်"
ရာဇာမင်းယာဉ်ပေါ်မှာပါတဲ့ ခရီးသည် ၄၃ ယောက်မှာ ၁၄ ယောက်က အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဆေးရုံတင်ထားရတဲ့ ၂၉ ယောက်မှာ စိုးရိမ်ရတဲ့ လူနာ ၃ ဦးလောက် ရှိနေတယ်လို့ သိရပါတယ်။
"ရာဇာမင်း" ခရီးသည်တင်ယာဉ်ဟာ တရုတ်နိုင်ငံလုပ် YOUTONG အမျိုးအစားဖြစ်ပြီး မနေ့က ညနေ ၆ နာရီမှာ နေပြည်တော်ကနေ ရန်ကုန်အပြန်လမ်းမှာ တံတားပေါ်ကနေအောက်ကို ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။
ယာဉ်တိမ်းမှောက်ခဲ့တဲ့နေရာကို ဒီနေ့ မနက်ပိုင်းက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးကျော်လွင်တို့ လာရောက်စစ်ဆေးခဲ့ပါတယ်။