ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စစ်တပ်ခန့် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့ဆုံခဲ့တာဟာ မြန်မာစစ်အုပ်စုကို နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့ အားပေးရာရောက်တယ်လို့ Justice For Myanmar (JFM) က ကြေညာချက်ထုတ်ပြီး ဝေဖန်လိုက်ပါတယ်။
အဲဒီလို တွေ့ဆုံမှုဟာ စစ်တပ်ခန့်အစိုးရအပေါ် နိုင်ငံတကာရဲ့ တာဝန်ခံမှု တောင်းဆိုချက်တွေကို အားနည်းစေပြီး၊ စစ်အုပ်စုကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေအတွက် အရေးယူခံရမှုကနေ လွတ်မြောက်နိုင်တဲ့ အခြေအနေတစ်ရပ် ဖန်တီးပေးနိုင်တယ်လို့ JFM က ဇူလိုင် ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုလိုက်တာပါ။
မြန်မာ့အရေး ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးရပ် ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေပြီး အာဆီယံကို မထီမဲ့မြင်ပြုနေတဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ Justice For Myanmar က အာဆီယံကို တိုက်တွန်းထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ အာဆီယံရဲ့ စစ်တပ်အပေါ်ထားတဲ့ဆက်ဆံရေးဟာ မပြတ်သားရင် ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းတာတွေ ထိခိုက်နိုင်တယ်လို့ RFA ကိုပြောပါတယ်။
“အာဆီယံအတွက် အဓိကစိန်ခေါ်မှုက မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကို ဘယ်လိုထိန်းညှိမလဲဆိုတဲ့အချက် ဖြစ်ပါတယ်။ သံတမန်ရေးအရ ဆက်သွယ်မှုတွေ လိုအပ်နိုင်ပေမယ့် အဲဒီဆက်သွယ်မှုတွေက စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်ပြုခံရတယ်လို့ အဓိပ္ပာယ်သက်ရောက်သွားရင် အာဆီယံရဲ့ ကြားဝင်ဖြေရှင်းရေး ကြိုးပမ်းမှုတွေ ထိခိုက်နိုင်ပါတယ်”
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေကို လျစ်လျူရှုထားသလို မြန်မာပြည်သူတွေအပေါ် မှာလည်း လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေဆဲပဲလို့ JFM က ဆိုပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ကုမ္ပဏီတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေကနေတစ်ဆင့် စစ်အုပ်စုအတွက် ဘဏ္ဍာငွေနဲ့ အရင်းအမြစ်တွေ ဆက်လက်ရရှိနေတယ်လို့လည်း ထောက်ပြထားပါတယ်။
JFM ရဲ့ ဖော်ပြချက်အရ ထိုင်းနိုင်ငံက PTTEP နဲ့ PTT ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့စီမံကိန်းတွေနဲ့ ဆက်နွယ်နေပြီး၊ အဲဒီကနေ ရရှိတဲ့ ဝင်ငွေတွေဟာ စစ်အုပ်စုအတွက် အကျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သမ္မတရာထူးယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ သားနဲ့ ချွေးမဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘတ် ၉၈ သန်းခန့် တန်ဖိုးရှိတဲ့ ဇိမ်ခံအိမ်ရာတစ်ခု ဝယ်ယူထားတယ်လို့လည်း ဖော်ပြထားပါတယ်။
Justice For Myanmar ကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို တရားဝင်မှု မပေးဖို့၊ စစ်တပ်ရဲ့ ဘဏ္ဍာရေး၊ လက်နက်၊ နည်းပညာနဲ့ စစ်ရေးဆိုင်ရာ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့ တောင်းဆိုထားပါတယ်။
