ရခိုင်ပြည်နယ် ရသေ့တောင်မြို့ပေါ်မှာ စစ်ဘေးဒုက္ခသည် ၈၇၀၀ ကျော်ရှိပြီး အများစုဟာ စစ်ဘေးခိုလှုံရာ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ နေစရာမဆောက်နိုင်လို့ မြေပြင်ပေါ်မှာ စက္ကူခင်း၊ မိုးကာကာပြီး နေထိုင်နေကြ ရပါတယ်။
မိုးရာသီမရောက်ခင် ရသေ့တောင်မြို့ပေါ်က မြေ ငါးဧကလေက်မှာ စစ်ဘေးဒုက္ခသည်တွေနေဖို့ တန်းလျားတွေကို အုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ ကိုယ်စားလှယ်တွေ ပူးပေါင်းပြင်ဆင်နေကြတာပါ။ အဲဒီတန်းလျားတွေ မှာ နေထိုင်လိုတဲ့ စစ်ဘေးဒုက္ခသည်စာရင်းတွေကို လိုက်လံကောက်ခံနေပါတယ်။
သင်္ကြန်အပြီးမှာ တန်းလျားတွေဆောက်မှာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။
"မြေနေရာရှာထားပေးတယ်၊ မြေနေရာလည်း တွေ့ပြီးပြီ။ တန်းလျားဆောက်မယ်ပေါ့၊ တခန်းကို ငါးသောင်းနဲ့ အလှူခံနေတယ်။ ရန်ပုံငွေရအောင်လည်း ကြိုးစားနေတယ်။ သင်္ကြန်ပြီးတာနဲ့ စဆောက်ဖို့များပါတယ်။ ဘုန်းကြီး ကျောင်းမှာနေတဲ့သူတွေများမယ်။ ဘုန်းကြီးကျောင်းကလည်း တာရှည်မထားချင်တော့ဘူး။ တော်တော်များများ အခက်အခဲရှိပါတယ်။"
လက်ရှိရထားတဲ့စာရင်းအရ နေထိုင်လိုသူ တစ်ထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
တန်းလျားတစ်ခုမှာ ၁၀ ပေ ၁၅ ပေပါတဲ့ အခန်း ၁၀ ခန်းဆောက်ပြီး အခန်းပေါင်း ၅၀၀ လောက်ဆောက်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
ဝါးခင်း၊ ဝါးတိုင်၊ အုန်းလက်အမိုးနဲ့ တည်ဆောက်မှာဖြစ်ပြီး တခန်းကို ကုန်ကျစားရိတ် ငါးသောင်းခန့်လျာထား တာပါ။
ဘုန်းကြီးကျောင်းဝင်းတွေမှာ လက်ရှိ ခိုလှုံနေကြတဲ့ စစ်ရှောင်တွေဟာ ကိုယ့်စားရိတ်နဲ့ ကိုယ်နေထိုင်ဖို့ စီစဉ် ရတာပါ။ တချို့က နေစရာတည်ဆောက်နိုင်ပေမယ့် အများစုက မတတ်နိုင်ကြပါဘူး။
ငွေကြေးမတတ်နိုင်သူတွေက မြေပြင်မှာဖြစ်သလို နေထိုင်ရတဲ့အတွက် မိုးတွင်းမှာခက်ခဲနိုင်တယ်လို့ သာသနာ့ ဗိမာန်ကျောင်းတိုက်က ဆရာတော် ဦးသုမန က မိန့်ပါတယ်။
"မိုးတွင်းကျ ပိုပြီးအခက်အခဲရှိတာပေါ့။ တာလဘက် ရှာမိုးပြီးတော့ ကိုယ့်ဟာနဲ့ကိုယ်နေနေကြတာ။ မြေကြီး ပေါ်နေတဲ့သူနေ၊ ကိုယ့်ဟာကိုယ်ဆောက်ပြီးနေတဲ့လူနေ အဲလိုနေနေကြတာ။ သွားစရာနေရာ ရှိရင်တော့ ကာလရှည်လက်ခံထားရမှာပေါ့"
အစိုးရက ရသေ့တောင်မြို့နယ်ထဲက စစ်ဘေးဒုက္ခသည်တွေ နေထိုင်ရေးအတွက် ရွာသတ်ကေနဲ့ သောင်းဒရား ကျေးရွာမှာ စစ်ရှောင်စခန်းတွေ တည်ဆောက်ပေးထားပါတယ်။
အဲဒီစခန်းတွေဟာ မြို့နဲ့ အလှမ်းဝေးတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို အဲဒီလမ်းကြောင်းမှာ တိုက်ပွဲတွေ အချိန်မရွေးဖြစ်နိုင်လို့ ဒေသခံတွေက သွားမနေကြဘူးလို့ ပြောပါတယ်။
ဘုန်းကြီးကျောင်းဝင်းတွေမှာ နေစရာဆောက်လုပ်ဖို့ မတတ်နိုင်သူတွေနဲ့ ဆောက်မယ့်နေရာမရသူတွေဟာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့တွေ၊ အုပ်ချုပ်ရေးမှူး တွေစီစဉ်ပေးမယ့်နေရာကို ပြောင်းရွှေ့ နေထိုင်ဖို့ ဆန္ဒရှိတယ်လို့ စစ်ဘေးဒုက္ခသည် ဦးမောင်ထွန်းသာ က ပြောပါတယ်။
"ဆရာတော်က ခွင့်ပြုချက်ပေးထားတဲ့ မြေက မရှိတော့ဘူးဆိုရင် အဲဒီနေရာကို သွားပြီးတော့နေကြဖို့ အစီအစဉ် ရှိကြပါတယ်။ ကားလမ်းလည်း ပေါက်ပါတယ်။ လွှတ်တော်အမတ်တွေရဲ့ ကျေးဇူးရှိပါတယ်။ စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ကူညီပေးနိုင်သမျှ ကူညီပေးတာကို ကျွန်တော်တို့က အထူးပဲ ကျေးဇူးတင်ပါတယ်။"
ဦးမောင်ထွန်းသာဟာ ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာကနေ ရသေ့တောင် မြို့ပေါ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောင်းရွှေ့လာတာပါ။
ရသေ့တောင်မြို့ပေါ်ကို ပြောင်းရွှေ့လာသူတွေထဲမှာ လပိုင်းလောက်သာ ရှိသူတွေပါသလို တစ်နှစ်နီးပါး ကြာမြင့်နေသူတွေလည်းရှိပါတယ်။
ရသေ့တောင်တစ်မြို့နယ်လုံးမှာဆိုရင် စစ်ဘေးဒုက္ခသည် တစ်သောင်းခွဲကျော်ရှိပါတယ်။
မတ်လလယ်အထိ အစိုးရက ကောက်ယူထားတဲ့စာရင်းအရ ရခိုင်ပြည်နယ် မြောက်ပိုင်း ၁၀ မြို့နယ်မှာ စစ်ဘေး ဒုက္ခသည် ခြောက်သောင်းနီးပါးရှိပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC က မတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ တစ်သိန်းခွဲကျော်ရှိနေပါတယ်။
( လှူဒါန်းလိုသူတွေ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ဖုန်းနံပါတ်-095106557 ကို ဆက်သွယ်လှူဒါန်းနိုင်ပါတယ်)
