ရေပြာရဲစခန်းစီးနင်းမှု စခန်းမှူး အပါအဝင် ငါးဦး သေဆုံးကြောင်း PDF ပြော

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ ရေပြာတိုက်နယ် ရဲစခန်းကို ဖေဖော်ဝါရီလ ၂၃ ရက် မနေ့ ညနေ ၄ နာရီဝန်းကျင်က ဒေသကာကွယ်ရေး အဖွဲ့တွေက စီးနင်းတိုက်ခိုက်ရာမှာ စခန်းမှူးအပါအဝင် ငါးဦးသေဆုံး သွားတယ်လို့ ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မနေ့က အပြန်အလှန် ပစ်ခတ်ချိန် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ ဘက်က နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

"ကျနော်တို့ ပစ်ခတ်နေတုန်း စခန်းမှူးက သူ့စခန်းပစ်ခံရတာကို ကြားလို့ ထင်တယ်။ စခန်းကို ကားနဲ့ ဝင်ချလာတယ်။ အဲဒါကျနော်တို့ ဝိုင်းပစ်လိုက်တာ ထိသွားတာပါ"

မနေ့က တိုက်ခိုက်မှုကို မြိုင်၊ ပေါက်နဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သုံးဖွဲ့ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေပြာ တိုက်နယ်ရဲစခန်းဟာ အင်အား ၃၀ ဝန်းကျင်ရှိပြီး ပေါက်ဘက်က စစ်ကူစစ်ကား တစ်စီး ဝင်လာတဲ့အတွက် ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့လည်း ပြောပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည် မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကိုလည်း ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။