ရေမဆေးသမားတွေအတွက် လုပ်ကွက်တွေ ချထားပေးမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီး ရတနာမြေမှာ ရေမဆေး ကျောက်သမားတွေ ကျောက်ရှာဖွေနိုင်ဖို့အတွက် သီးသန့် လုပ်ကွက် ၃,၀၀၀ လောက် ချပေးဖို့ လျာထားတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ဒီနေ့ ပြောပါတယ်။

ပြည်ထောင်စုအစိုးရရဲ့ လမ်းညွှန်မှုနဲ့ ဆောင်ရွက်နေပြီး မိသားစုတစ်စုကို တစ်ဧကနှုန်း ချပေးဖို့ စီစဉ်နေတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။

"လုပ်ကွက်တွေက ပြည်ထောင်စုအစိုးရကနေပြီးတော့ လက်လုပ်လက်စားဆိုပြီးတော့ ချထားပေးလည်း ပေးပေါ့နော်၊ လက်လုပ်လက်စား လုပ်လို့ရတဲ့ ဧရိယာ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အနည်းဆုံး ဧကပေါင်း ၃ ထောင်လောက် လျာထားတယ်၊ မိသားစုတစ်စုကို တစ်ဧကနှုန်းပေါ့၊ လျှောက်လို့ရှိရင် ဒါမှမဟုတ် မဲစနစ်နဲ့ ချပေးမှာပေါ့၊ တင်တာစနစ်နဲ့ပေါ့"

အဲဒီလုပ်ကွက်တွေမှာ တစ်နိုင်တစ်ပိုင် လုပ်အားနဲ့သာ တူးဖော်ရမှာဖြစ်ပြီး စက်ယန္တရားတွေနဲ့ တူးဖော်ခွင့်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ခန္တီး ရတနာမြေအတွင်း တရားဝင် ဝင်ရောက်သွားလာဖို့ ဒေသခံတွေနဲ့ ရေမဆေးလုပ်သားတွေကို အစိမ်းရောင်၊ ကုမ္ပဏီဝန်ထမ်းတွေကို အဝါရောင်နဲ့ အခြားဒေသက လာရောက်လုပ်ကိုင်တဲ့ ဧည်သည့်တွေကို အနီရောင် စတဲ့ စမတ်ကတ်တွေကို တိုင်းအစိုးရက ပြီးခဲ့တဲ့လကစပြီး ထုတ်ပေးနေပါတယ်။

ကဒ် လျှောက်ထားသူတွေဟာ မှတ်ပုံတင်၊ ရဲစခန်းထောက်ခံချက်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးတွေရဲ့ ထောက်ခံ ချက်နဲ့ အိမ်ထောင်စုစာရင်းတွေနဲ့အတူ သွားရောက်လျှောက်ထားရမှာ ဖြစ်ပြီး ကဒ် သက်တမ်းကို တစ်နှစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် အခြားဒေသတွေက လာရောက်လုပ်ကိုင်သူတွေကို လက်ရှိမှာ အနီရောင်ကဒ်တွေ ထုတ်ပေးထားပြီး ပေ ၄၀ - ပေ ၂၀ မြေကွက် ၆၀၀ လောက် ပြန်ချပေးဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး ဦးမြင့်ကြည် က ပြောပါတယ်။

ခန္တီး ရတနာမြေအတွင်း လုပ်ကွက်ဧကပေါင်း ၉ သောင်းကျော်ရှိပြီး ကုမ္ပဏီတွေကို လုပ်ငန်းလုပ်ပိုင်ခွင့်ချထား ပေးတာ ဧက နှစ်သောင်းခန့်ရှိတယ်လို့ သိရပါတယ်။